မြန်မာနိုင်ငံကမိတ်ဖက်စက်ရုံတွေမှာ အခွင့်အရေး ချိုးဖောက်နေမှုတွေကို စုံစမ်းစစ်ဆေးမယ်လို့ H&M ပြော

သြဂုတ်၊ ၁၇
 
မြန်မာနိုင်ငံအတွင်းက H&M အမှတ်တံဆိပ် အဝတ်အထည်တွေကို တာဝန်ယူ ချုပ်လုပ်နေတဲ့ အထည်ချုပ်စက်ရုံ တွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ H&M ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
 
စီးပွားရေးလုပ်ငန်းတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်နေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် BHRRC အဖွဲ့က မြန်မာနိုင်ငံရဲ့ အထည်ချုပ်အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံရမှုအကြောင်း အစီရင်ခံစာထုတ်ပြန်အပြီးမှာ H&M ကုမ္ပဏီဘက်က သက်ဆိုင်သူတွေကို စုံစမ်းစစ်ဆေးမယ်ဆိုပြီး ထုတ်ပြောလာခဲ့တာပါ။
 
ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး ဖက်ရှင် လုပ်ငန်းစုကြီးရဲ့ အဆိုအရ မြန်မာ့အထည်ချုပ် စက်ရုံတွေမှာ ကုမ္ပဏီအတွက် ထုတ်ကုန်တွေ ချုပ်လုပ်ပေးနေတဲ့ ဝန်ထမ်းတွေအပေါ် ဖိနှိပ်အနိုင်ကျင့်မှု ဖြစ်စဉ် နှစ်ဆယ်ထက်မနည်းကို သတင်းရထားတယ်လို့ ဆိုပါတယ်။
 
Business & Human Rights Resource Centre ရဲ့ စစ်တမ်းအရတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီး ၂၀၂၁ ခုနှစ်၊ မတ်လကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြစ်စဥ် ၂၁၂ ခု ရှိခဲ့ပြီး အဲဒီထဲက ဖြစ်စဥ် နှစ်ဆယ်ကတော့ H&M အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတဲ့ စက်ရုံတွေမှာ ဖြစ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
 
အခွင့်အရေး ချိုးဖောက်မှုတွေ အနေနဲ့ လုပ်ခလစာ လျှော့တာ၊ အလုပ်ကနေ မတရားထုတ်ပယ်တာ၊ အလုပ်ချိန်ပိုပြီး ခိုင်းတာ၊ ခြိမ်းခြောက်နှောက်ယှက်တာ၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ကို နှောင့်ယှက်တာ စတာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။
 
ဆွီဒင်နိုင်ငံအခြေစိုက် နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်တခုဖြစ်တဲ့ H&M အမှတ်တံဆိပ် အဝတ်အထည်တွေကို မြန်မာနိုင်ငံထဲက စက်ရုံဘယ်နခုမှာ ချုပ်လုပ်နေလဲ ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။
 
မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် နေ့မှာ H&M အမှတ်တံဆိပ် အထည်တွေ အဓိက ချုပ်လုပ်နေတဲ့ လှိုင်သာယာ စက်မှုဇုန်ထဲက Saung Oo Shwe Nay အထည်ချုပ်စက်ရုံမှာ သတ်မှတ်အထည် မပြည့်မီလိုဆိုကာ အလုပ်သမား ခြောက်ဦးကို ဒူးထောက် လမ်းလျှောက်ခိုင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
BHRRC ရဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု စစ်တမ်းထဲမှာလည်း အဲဒီ Saung Oo Shwe Nay အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကို ဒူးထောက်လမ်းလျှောက်ခိုင်းတဲ့ ဖြစ်စဥ်ကို ထည့်သွင်းဖော်ပြထားပါတယ်။
 
အလုပ်သမားအရေး ကူညီပေးနေတဲ့ သွေးစည်ညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် ကတော့ ကုမ္ပဏီဘက်က စက်ရုံတွေကို ဝင်ရောက်စစ်ဆေးမယ်ဆိုပေမယ့် ထိရောက်မှုတော့ အပြည့်အဝရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
 
” သူတို့ (H&M ကုမ္ပဏီ) ဝင်စစ်ရင်တော့ သူတို့နဲ့ စာချုပ်ချုပ်ထားတဲ့ စက်ရုံတွေကိုပဲ ဝင်စစ်မှာပေါ့၊ ဒါပေမယ့် ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ စက်ရုံတွေကနေ တဆင့်ခံယူပြီး ချုပ်နေတဲ့ စက်ရုံတွေလည်း အများကြီးရှိသေးတာ၊ ဥပမာ ကုမ္ပဏီဘက်ကနေ အထည် တထည်ကို ဒေါ်လာငါးဆယ်နဲ့ အပ်ထားရင် စာချုပ်ချုပ်ထားတဲ့ စက်ရုံတွေက တခြား စက်ရုံတွေကို တထည် ဒေါ်လာလေးဆယ်ပေးပြီး ပြန်ချုပ်ခိုင်းတာ ” လို့ STUM တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
ထုတ်ကုန်အပ်နှံမှုနဲ့ပတ်သက်လို့ Code of Conduct (လိုက်နာရန်စည်းမျဥ်း)မှာက စာချုပ်ချုပ်ထားတဲ့ စက်ရုံမှာပဲ ချုပ်ရမယ်လို့ ဖော်ပြလေ့ရှိပေမယ့် လုပ်ငန်းလည်ပတ်မှုအရ တဆင့်ခံပြန်လည်ချုပ်လုပ်နေကြတဲ့ စက်ရုံတွေလည်း ရှိနေတာကြောင့် အဲ့ဒီတဆင့်ခံစက်ရုံတွေအတွင်းက အခွင့်အရေးချိုးဖောက်မှုတွေကိုတော့ H&M ကုမ္ပဏီက တာဝန်ခံမှာ မဟုတ်ဘဲ ရှောင်လွှဲသွားနိုင်တယ်လို့ သူကပြောပါတယ်။
 
“ သူတို့နဲ့ စာချုပ်ချုပ်ထားတဲ့ စက်ရုံတွေမှာပဲ ဝင်စစ်ပြီး အခွင့်အရေးချိုးဖောက်တာ မရှိဘူးလို့ ပြောမှာပေါ့ ” လို့ STUM တာဝန်ရှိသူက ဆိုပါတယ်။
 
H&M ကုမ္ပဏီဟာ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေမှာ လုပ်ငန်းအပ်နှံမှုကို ရပ်ဆိုင်းပြီး မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ ကြေညာထားပေမယ့် လက်ရှိအချိန်ထိတော့ ထွက်ခွာခြင်း မရှိသေးပါဘူး။
 
H&Mရဲ့ ပြိုင်ဘက်ဖြစ်ပြီး Zara ဖက်ရှင် အမှတ်တံဆိပ်ကို ပိုင်ဆိုင်တဲ့ Inditex ကုမ္ပဏီက လုပ်ငန်းခွင် ဖိနှိပ်မှုတွေနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံက အထည်ချုပ် လုပ်ငန်းတွေဆီကနေ အဝတ်အထည်တွေ ဝယ်ယူတော့မှာ မဟုတ်ဘူးလို့ သိပ်မကြာသေးခင်က ကြေညာထားပါတယ်။
 
မြန်မာပြည်တွင်း အလုပ်သမားတွေရဲ့အခွင့်အရေးချိုးဖောက်ခံရမှု တွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ အစိုးရတွေလက်ထက်ကတည်းက ဝေဖန်မှုတွေ ရှိခဲ့တာဖြစ်ပြီး အာဏာာသိမ်းပြီးနောက်မှာတော့ အခြေအနေတွေ ပိုဆိုးလာတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောထားပါတယ်။
 
ဓာတ်ပုံ – Getty Image