ငါန်းဇွန်မှာ စစ်တပ်က မီးရှို့လို့ နေအိမ်ခြောက်ဆယ်ခန့်ဆုံးရှုံး၊ ဒေသခံသုံးထောင်ကျော် စစ်ရှောင်နေရ

သြဂုတ် ၊ ၁၇

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ် ၊အောင်သုခကျေးရွာကို သြဂုတ်လ ၁၆ ရက်၊ မနက် ၅ နာရီခန့်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် နေအိမ် အလုံး ခြောက်ဆယ်ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ဒေသခံ ကာကွယ်‌ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။

“စစ်ကြောင်းက ရေကြောင်း၊ကုန်းကြောင်း ပြိုင်ထိုးတာပေါ့။အောင်သာနဲ့အောင်သုခကို။နေအိမ် အလုံးခြောက်ဆယ်လောက်မီးရှို့ခံရတယ်။အောင်သုခရွာက ခန့်မှန်းခြေ အိမ်ခြေခြောက်ဆယ်ကျော်ပဲရှိတာ။လေးငါးလုံးလောက်ပဲ ကျန်ခဲ့တာပေါ့’’ လို့ ငါန်းဇွန်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ရေကြောင်းနဲ့ကုန်းကြောင်းတပြိုင်တည်း စစ်ကြောင်းထိုးလို့ အောင်သုခ၊အောင်သာ၊လင်္ကာဒီပ၊ထန်းတပင်၊ ရေလည်သောင်၊ နဘဲပင်၊ သာကျင်း၊ ကံသာ၊  အောင်လှ၊ရေဆင်း နဲက လက်ပံ စတဲ့ကျေးရွာတွေက ဒေသခံ သုံးထောင်ကျော်စစ်ရှောင်နေပါတယ်။

 ရဲပဒိုင်းဆိပ်ကမ်းကနေ စစ်ကောင်စီ စစ်သင်္ဘောနှစ်ဦးနဲ့ မော်တော် စက်လှေ ခြောက်စီးဟာ  ဧရာဝတီမြစ်၊ရေလယ်ကျွန်းမှာ တည်ရှိတဲ့ အောင်သုခကျေးရွာ ကိုလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ဝင်ရောက်ခဲ့ပြီးနေအိမ်တွေကို မီးရှို့ခဲ့တာပါ။

အဲဒီလို မီးရှို့ခံခဲ့ရတာကြောင့် နေအိမ် ခြောက်ဆယ်ကျော်မျှသာရှိတဲ့ အောင်သုခကျေးရွာဟာ နေအိမ်ခြောက်ဆယ်နီးပါးမီးလောင်ခဲ့ပြီးဒေသခံတွေကတော့စစ်ကြောင်းမဝင်ခင်ရက်ပိုင်းထဲက မြင်းမူနယ်ဘက်ကို ကြိုရှောင်ထားတာကြောင့် အထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။

အောင်သုခ ကျေးရွာကိုမီးရှို့ပြီးနောက် ညနေပိုင်းမှာ အဲဒီ  စစ်ကောင်စီတပ်တွေဟာ ရေကြောင်းအတိုင်းပြန်လည်ဆုတ်ခွာ သွားတယ်လို့ လည်း ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ တွေက ဆိုပါတယ်။

အလားတူပဲအင်အား ခုနှစ်ဆယ်ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ မနေ့က မနက်ပိုင်းမှာ အောင်သုခကျေးရွာနဲ့ တမိုင်ကျော်ဝေးတဲ့ အောင်သာကျေးရွာကို ရေဆင်းကျေးရွာဘက်ကနေ ထော်လာဂျီတွေနဲ့ ထွက်လာပြီး ကုန်းကြောင်းကနေ စစ်ကြောင်းထိုးခဲ့ပါသေးတယ်။

အဲ့ဒီလို စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ရွာထဲပိတ်မိနေခဲ့ကြပေမယ့် အထိအခိုက်မရှိဘူး လို့ ငါန်းဇွန်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးကပြောပါတယ်။

အောင်သာရွာကို စစ်ကြောင်းထိုးပြီးနောက် အဲဒီစစ်ကောင်စီတပ်ဟာပြန်လည်ဆုတ်ခွာချိန် ရေဆင်းတံတားအရောက်မှာ ထော်လာဂျီမှောက်ပြီး စစ်ကောင်စီတပ်သားတဦးသေဆုံးခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

” ကုန်းကြောင်းကလည်း ပြန်ဆုတ်တဲ့အချိန်ထော်လာဂျီနဲ့ဆုတ်တော့  ရေဆင်းတံတားမှာ ထော်လာဂျီကထိုးကျသွားတယ်။အဲ့မှာ ခွေးတကောင်ရေနစ်သေဆုံးသွားတယ် သိရတယ်” ငါန်းဇွန်မြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တာဝန်ရှိသူတဦးက ဆိုပါတယ်။

ပုံစာ- မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မင်းဂျီးကျေးရွာအား စစ်ကောင်စီတပ်က ၂၀၂၂ခုနှစ်၊ သြဂုတ်လ ၁၉ရက်က မီးရှို့ခဲ့လို့ နေအိမ်တချို့ မီးလောင်ဆုံးရှုံးခဲ့ရစဉ်။