မုံရွာထောင်က နိုင်/ကျဉ်းတွေ ပြောင်းရွှေ့ချိန် ကားမိုင်းဆွဲခံရလို့ တဦးသေဆုံးပြီး တဦးဒဏ်ရာပြင်းထန်

သြဂုတ်၊ ၁၆
 
စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ ထောင်ဒဏ်နှစ်ရှည်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တရာ ကျော်ကို ဩဂုတ် ၁၅ ရက်၊ နေ့လယ်ပိုင်းမှာ မန္တလေးနဲ့ မြင်းခြံအကျဉ်းထောင်တွေကို ကားငါးစီးနဲ့ ပြောင်းရွှေ့ချိန်လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရလို့ တဦးသေဆုံးပြီး တဦးဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။
 
အဲဒီ မိုင်းဆွဲခံရမှုဖြစ်စဉ်မှာ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ မုံရွာမြို့က ကချင်လူမျိုး အသက် ၃၃ နှစ်အရွယ် ဒေါက်တာဇော်တွယ်အောင်ဟာ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး သူနဲ့အတူ သံခြေကျင်းခတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအာကာငြိမ်းချမ်း ဟာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တာပါ။
 
“ သူ (ဒေါက်တာဇော်တွယ်အောင်) သေဆုံးသွားတဲ့ ဖြစ်စဉ်က မှန်ပါတယ်။ ယူကြုံးမရလည်း ဖြစ်ရတယ်။ သူ့ရဲ့ ရုပ်အလောင်းကိုတော့ မြင်တွေ့ရပြီးပါပြီ။ ရုပ်အလောင်းကို ပြန်ရဖို့အတွက်လည်း ကြိုးစားနေပါတယ်။ ဒီဖြစ်စဉ်မှာက သူတယောက်ထဲ သေဆုံးတယ်လို့ပဲ သိရတယ် ” လို့ ဒေါက်တာဇော်ထွယ်အောင်ရဲ့ မိသားစုဝင်တဦးက DNA ကို ပြောပါတယ်။
 
ဒေါက်တာဇော်တွယ်အောင်နဲ့အတူ သံခြေကျင်းတွဲခတ်ထားခံရသူဟာ ဘုတလင်မြို့က နိုင်ငံရေးအကျဉ်းသား ကိုအာကာငြိမ်းချမ်း ဖြစ်ပြီး လောလောဆယ် သွေးထွက်လွန်ပြီး အခြေအနေမကောင်းဘူးလို့လည်း ကိုအောင်နေမျိုးက သူရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
 
ထောင်နေရာပြောင်းရွှေ့ဖို့ ထွက်ခွာလာတဲ့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ အကျဉ်းသား သုံးဦးနဲ့ အချုပ်ကားမောင်းသူတဦး သေဆုံးခဲ့တယ်လို့ သတင်းဌာနအချို့မှာ ဖော်ပြတာ တွေ့ရပေမယ့် နိုင်ငံရေးအကျဉ်းသား သေဆုံးမှုကို DNA အနေနဲ့ အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
 
မုံရွာမြို့မှာ မနောဥယျာဉ်နာမည်နဲ့ ကချင်ရိုးရာ စားသောက်ဆိုင် ဖွင့်လှစ်ထားတဲ့ ဒေါက်တာဇော်တွယ်အောင်ဟာ စစ်တပ်ကအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှာ အကြမ်းမဖက် လူထုလှုပ်ရှားဖြစ်တဲ့ စီဒီအမ်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။
 
အဲဒီနောက်တော်လှန်ရေးမှာ ပါဝင်လာပြီး တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေကို ဆေးဝါးကုသပေးနေရာက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်မှာ နေအိမ်ကို ပြန်လာချိန် ဖမ်းဆီးခံခဲ့ရကာ ပုဒ်မ ၅၀ (ည) ၊ ၅၀၅ (က) အပါအဝင် နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတာပါ။
 
နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဒေါက်တာဇော်တွယ်အောင်အပါအဝင် အကျဉ်းသားတွေကို ဩဂုတ် ၁၅ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က မုံရွာထောင်ကနေ မန္တလေးနဲ့ မြင်းခြံအကျဉ်းထောင် ကို ကားငါးစီးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
 
အဲ့ဒီလိုပြောင်းရွှေ့လာချိန် မုံရွာမြို့ အထွက်က မြေနဲကျေးရွာ အနီးဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရလို့ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ဒေါက်တာဇော်တွယ်အောင် ပွဲချင်းပြီး သေဆုံးသွားခဲ့သလို သူနဲ့အတူ သံခြေချင်းခတ်ခံထားရသူ ကိုအာကာငြိမ်းချမ်း ဟာလည်း ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်နေရပါတယ်။
 
“ သံခြေကျင်းက သူ (ဒေါက်တာဇော်ထွယ်အောင်) နဲ့အတူ နှစ်ယောက်တွဲ ခတ်ခံထားရတာ။ အချုပ်ကားမောင်းတဲ့ ကားဆရာလည်း သေတယ်။ ထောင်ပြောင်းတယ်ဆိုတော့ သူတို့ မိဘတွေက လမ်းကနေ တောက်လျှောက်ကြိုလိုက်သွားကြတာ။ ကားမိုင်းထိတော့ အနားတော့ ကပ်လို့မရခဲ့ဘူး ” လို့ မုံရွာလူထုသပိတ်ဦး‌ဆောင်ကော်မတီက ကိုအောင်နေမျိုးက ပြောပါတယ်။
 
ဒါ့အပြင် အခြားထိခိုက်သူတွေလည်း ရှိတယ်လို့ ဒေါက်တာဇော်တွယ်အောင်မိသားစုဝင်တွေနဲ့ ဒေသခံတွေထံက သိရပေမယ့် ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်ကိုတော့ DNA သတင်းဌာန က ဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ်။
 
အဲဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူ ဦးခင်မောင်စိုး ကတော့ “ မနေ့က ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆီမှာ တိကျခိုင်လုံတဲ့ သတင်းရရှိတာ မရှိသေးပါဘူး။ မြေပြင်သတင်းတာဝန်ခံနဲ့ ဆက်သွယ်ရေးတာဝန်ခံက ဒီကိစ္စကို အချက်လက်မှန်မှန်ကန်ကန်နဲ့ ရနိုင်အောင်ဆောင်ရွက်နေတယ် ” လို့ ပြောပါတယ်။
 
မုံရွာအကျဉ်းထောင်ကနေ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့ချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့တယ်ဆိုတာကတော့ လက်ရှိအချိန်အထိ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
 
” အဲ့လိုနိုင်ကျဉ်း တရာကျော်ကို ထောင်ပြောင်းမယ်ကြားလို့ လမ်းမှာ ကိုယ့်ဘက်က တော်လှန်ရေးအင်အားစုအဖွဲ့တွေ မိုင်းထောင်ခြင်းမလုပ်ကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အချိန်မီအကြောင်းကြားပါတယ် ” လို့ ကိုအောင်နေမျိုးက သူရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
 
လတ်တလောမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားတွေကို စစ်ကောင်တပ်က အကျဉ်းထောင်တွေကနေ မကြာခဏ ရွှေ့ပြောင်းတာတွေ လုပ်ဆောင်နေသလို အကျဉ်းသားတချို့ ထွက်ပြေးတယ်လို့ဆိုပြီး ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။