ကျိုက်ထိုမှာ စစ်ကောင်စီယာဉ်တန်း ပစ်ခတ်ခံလို့ နှစ်ဦးသေဆုံး

သြဂုတ်၊ ၁၆
 
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ မနေ့က မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရလို့ နှစ်ဦးသေဆုံးကာ သုံးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
“ ကားက ရိက္ခာတွေ၊ လူအပြောင်းအရွှေ့ တွေပေါ့နော်၊ တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတာ၊ အဲ့ဒါလမ်းမှာ ခြုံခိုတိုက် ခိုက်ခံရတော့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်သွားတယ်၊ ထိတာတော့ ထိပါတယ်၊ ဒီဘက်က နှစ်ဦးကျတယ်၊ သုံးဦး၊ လေးဦး လောက်က ဒဏ်ရာနည်းနည်း ရသွားတာရှိတယ်၊ ဟိုဘက်ကလည်း ထိပါတယ် ” လို့ သထုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
 
နှစ်ဖက်ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထဲက နှစ်ဦးဟာ ခန္ဓကိုယ်အနှံ့မှာ ကျည်စထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်မှု ရှိတယ်လို့ ဆိုပါတယ်။
 
ကျိုက်ထိုဘက်ကနေ ဘီးလင်းဘက်ကို မောင်းနှင်လာတဲ့ ကားငါးစီးပါ စစ်ယာဉ်တန်းကို မနေ့က မနက် ဆယ်နာရီဝန်းကျင်မှာ ကျိုက်ထိုမြို့နယ် သရက်ကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ PDF တပ်ဖွဲ့ဝင်တဦးကလည်း ပြောပါတယ်။
 
“ သတင်းရလို့ ကြိုတင်သွားစောင့်ပြီး ပစ်တာပေါ့နော်၊ သူတို့ဘက်က အနည်းဆုံး လေးငါးဦးလောက် သေနိုင်တယ်၊ ဒဏ်ရာလည်း အများကြီး ရနိုင်တယ်၊ ၄၀ မမနဲ့လည်း ပစ်တယ်၊ လက်နက်ငယ် ပစ်ခတ်ကြတာပဲလေ၊ အချိန်ကောင်းကို စောင့်ပစ်တာဆိုတော့၊ အထိအခိုက်အကျအဆုံး များတယ်၊ ကားလည်း နှစ်စီးလောက် ပျက်သွားတာ ” လို့ ကျိုက်ထိုမြို့နယ် PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ပစ်ခတ်မှုအတွင်း တော်လှန်ရေးအင်အားစုဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီယာဉ်တန်းဟာ မောင်းပြေးသွားပြီး အဝေးပြေးလမ်းမ တလျှောက်ကိုလည်း သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ သူကဆိုပါတယ်။
 
“ ခြံထဲ ရှိနေတဲ့ အချိန်လောက်မှာပဲ အသံအရင်ကြားရတာ၊ ပစ်ခတ်သံတွေလေ၊ ပြီးတော့ သိပ်မကြာဘူး၊ လမ်းဘေးနားတဝိုက်ကို သေနတ်နဲ့ ရမ်းပစ်ပြီး စစ်ကားတွေ မောင်းပြေးသွားတာတွေ့တယ်၊ လေးစီးလောက်လား မသိဘူး ထင်တယ်၊ အဲ့ဒီလမ်း ကပ်ရပ်မှာတော့ လူနေအိမ်တွေ မရှိတာရယ်၊ လူလည်း ပြတ်တဲ့နေရာဆိုတော့လေ၊ လူတွေထိခိုက်မှု မရှိဘူးလို့ ပြောတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
အခုလို စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရပြီးတိုင်း လက်နက်ကြီးနဲ့ ကျေးရွာတွေဘက်ကို ရမ်းသမ်းပစ်ခတ်တာတွေ ရှိတတ်တာကြောင့် အဲဒီအနီးအနားမှာရှိတဲ့ ဒေသခံတွေကတော့ ဗုံးခိုကျင်းတွေမှာ တညလုံးအိပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
 
KNU သထုံခရိုင်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်လေ့ရှိပြီး အဲဒီလိုပစ်ခတ်မှု ဖြစ်ပွားပြီးတိုင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။
 
ဓာတ်ပုံ – Google (ပုံဟောင်း)