ယင်းမာပင် မှာ လက်နက်ကြီး ထိမှန်လို့ ကိုးနှစ်အရွယ်ကလေးတဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

သြဂုတ် ၊ ၁၅

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်မှာစစ်ကောင်စီတပ်က  လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပေကုန်းရွာထဲကျရောက်ပေါက်ကွဲခဲ့ပြီး ကိုးနှစ်အရွယ်ကလေးငယ်တဦး သေဆုံးခဲ့ကာ ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

“ မနေ့က ဓားစားခံတွေဖမ်းသွားတဲ့ဝမ်ပေါင်မှာ တပ်စွဲထားတဲ့ စကစတွေက ဂုဏ်တောမှာ အထိုင်ချပြီး ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်လို့ သားအဖနှစ်ဦးထိတာမှာကလေးက သေသွားတာဗျ ။အဖေကတော့ ထိပဲထိသွားတာ။ ငါးယောက်ဒဏ်ရာရခဲ့တာပေါ့ဗျာ “ လို့ ယင်းမာပင် ခရိုင် ၊တပ်ရင်း (၁၆)တပ်ရင်းမှူး ဗိုလ်အောက်ဆွဲ က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာသြဂုတ်လ ၁၅ ရက်  ဒီနေ့နေ့လယ် ၂ နာရီမှာ ခြောက်ဆယ်မမ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ပေကုန်းရွာထဲက  ကိုးနှစ်အရွယ် မောင်ကျာ်သီဟသေဆုံးခဲ့ပြီး ဖခင်ဖြစ်သူအပါအဝင်  ငါးဦးဒဏ်ရာရတာလို့ သိရပါတယ်။

 သြဂုတ်လ ၁၄ ရက်က မုံရွာ-ပုသိမ်လမ်းမကြီးတလျှောက်စစ်ကြောင်းထိုုးလာတဲ့  စစ်ကောင်စီတပ် အင်အားတရာ ကျော်ဟာ  ဒေသခံငါးဦးကို လမ်းပြဓားစားခံအဖြစ်ဖမ်းဆီခဲ့ပြိး  နှစ်ဦးကိုပြန်လွှတ်ပေးကာ ဂုဏ်တော ကျေးရွာဘုန်းကြီးကျောင်းမှာတပ်စွဲတဲ့ အချိန်မှာ အခုလိုပစ်ခတ်ခဲ့တာပါ။

လက်ရှိမှာ အဲ့ဒီစစ်ကြောင်းကြောင့်  ဒုန်းတော၊ဂုဏ်တော၊ ကံကုန်း၊ရွာသာ၊ ဘိန်းနွယ်ချောင်းနဲ့က အောင်မိုးကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေနဲ့ မုံရွာ-ပုသိမ်ကားလမ်းတလျှောက်ကျေးရွာတွေက  ဒေသခံထောင်ကျော်စစ်ရှောင်နေရတယ်လို့သိရပါတယ်။  

ဒါ့အပြင် ဒီနေ့နေ့လယ်၁၂ နာရီခွဲခန့်မှာ ယင်းမာပင်မြို့နယ် ၊အောင်ဇေယျ အကျိုးကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် နဘူတောတောပြင်ကျေးရွာဒေသခံ အသက် ခြောက်ဆယ်အရွယ်  အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်ရဲ့ အာဏာသိမ်းတာကို ဆန့်ကျင်လို့  ကျဆုံးခဲ့ရသူ စုစုပေါင်း ၃,၉၃၃ ဦးရှိပြီး  ကလေးသူငယ်၄၃၆ ဦးပါဝင်တယ်လို့  နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)က ဒီကနေ့ထုတ်ပြန်ထားပါတယ်။