ထန်တလန်မြို့နယ် ခွာဖိုရွာကို စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်

သြဂုတ်၊ ၁၄
 
လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံရလို့ ကလေးနှစ်ဦး အပါအဝင် ဒေသခံ ဆယ်ဦး သေဆုံးခဲ့ဖူးတဲ့ ချင်းပြည်နယ် ထန်တလန်မြို့နယ် ခွာဖိုရွာကို စစ်ကောင်စီက ဒီကနေ့မှာ လေကြောင်းကနေ ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ဖော်ပြထားပါတယ်။
 
ဒီကနေ့ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း လူထိခိုက်သေဆုံးမှု မရှိပေမယ့် ခွာဖိုရွာက ခရစ်ယာန်ဘုရားကျောင်းနဲ့ လူနေအိမ်လေးလုံး ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
 
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့ မနက်ပိုင်းက ထန်တလန်မြို့မှာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ထန်တလန်မြို့ မြောက်ဖက် ငါးမိုင်အကွာက ခွာဖိုရွာကို နေ့လယ် ၁၂ နာရီကျော်မှာ လေကြောင်းကနေ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
 
ထန်တလန်မြို့မှာ ဖြစ်ခဲ့တဲ့ နှစ်ဘက်တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ အသေးစိတ် မသိရသေးပါဘူး။
 
စုစုပေါင်း အိမ်ခြေ ခုနစ်ဆယ် လူဦးရေ နှစ်ရာလောက်သာ နေထိုင်တဲ့ ခွာဖိုရွာကို စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် ဆယ်ဦးသေဆုံးကာ ကိုးဦး ဒဏ်ရာရခဲ့ကြပါတယ်။
 
စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ ခြေလျင်စစ်ကြောင်းတွေနဲ့ ယာဉ်တန်းတွေ တိုက်ခိုက်ခံရပြီး အထိနာလေ့ရှိကာ တော်လှန်ရေး အင်အားစုတွေ အားကောင်းတဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ မကြာမကြာ အသုံးပြုလေ့ရှိပါတယ်။
 
ဓာတ်ပုံ – Chin Human Rights Organisation