ထန်တလန်ဖြစ်ရပ်ဟာ ချင်းအမျိုးသားတွေကို ယှဉ်တိုက်နိုင်စွမ်းမရှိတဲ့ မင်းအောင်လှိုင်ရဲ့ သရဲဘောင်ကြောင်မှုလို့ပြော

၃၀၊ အောက်တိုဘာလ၊ ၂၀၂၁။

ချင်းပြည်နယ်၊ထန်တလန်မြို့ကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီးမီးလောင်တိုက်သွင်းတာဟာ ချင်းအမျိုးသားတို့နဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းမရှိတဲ့ မင်းအောင်လှိုင်ရဲ့ သူရဲဘောကြောင် အောက်တန်းကျမှုဖြစ်တယ်လို့ People’s Defence Force (Kalay) ကထုတ်ပြန်လိုက်ပါတယ်။

People’s Defence Force (Kalay) က ထန်တလန်မြို့အတွက် ၀မ်းနည်းကြေကွဲခြင်း ခေါင်းစဉ်နဲ့ ဒီနေ့ထုတ် ပြန်လိုက်တဲ့ ကြေညာချက်မှာ အဲဒီလို ထည့်သွင်းဖော်ပြထားတာပါ။

အောက်တိုဘာ၂၉ရက်နေ့မှာ မင်းအောင်လှိုင်ရဲ့အကြမ်းဖက်စစ်အုပ်စုတပ်ဟာ ထန်တလန်မြို့ထဲက ပြည်သူတွေ ရဲ့နေအိမ်တွေဆီ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ရုံတင်မက နေအိမ်တွေမီးလောင်နေတာကိုလည်း လာရောက် ငြိမ်းသတ်ခြင်းမရှိတာကြောင့် လူနေအိမ်၂၀၀ဝန်းကျင် မီးလောင်ပြာကျခဲ့ရပါတယ်။

အဲဒီလိုအရပ်သားပြည်သူတို့ရဲ့ အိုးအိမ်စည်းစိမ်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုဟာ နေ့ချင်းဆို သလို မြန်မာ့လူမှုကွန်ရက်ပေါ် ဓာတ်ပုံတွေနဲ့တကွပျံ့နှံ့ခဲ့သလို နိုင်ငံတကာကိုလည်း ပျံ့နှံ့ခဲ့ပါတယ်။

ထန်တလန်မြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မီးရှို့ဖျက်ဆီးခဲ့ခြင်းဟာ ထန်တလန်မြို့သူ၊ မြို့သားတို့ရဲ့ နှလုံးသားကို ချေမွဖျက်ဆီးလိုက်တာလို့ People’s Defence Force (Kalay) ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါ တယ်။

‘ထန်တလန်ဖြစ်ရပ်ဟာ ငြိမ်းခါနီးမီးတောက်က ပိုကြီးလာတဲ့သဘောပဲ။မင်းအောင်လှိုင်နေဝင်တော့မယ့်သဘော ပါပဲ’လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကပြောပါတယ်။

အခုလိုတိုက်ခိုက်ခံရမှုအပေါ် PDF (Kalay) အနေနဲ့ ထန်တလန်မြို့သူ၊ မြို့သား တွေနဲ့ထပ်တူ ကြေကွဲဝမ်းနည်းမိပြီး လူသတ်အကြမ်းဖက်စစ်ကောင်စီနဲ့စစ်အာဏာရှင်စနစ်ကို အဆုံးသတ်အမြစ်ဖြတ်ချေမှုန်းနိုင်မှသာ နောက်မျိုးဆက်တွေဟာအခုလိုအဖြစ်ဆိုးမျိုး ထပ်မကြုံရနိုင်မှာလို့ ဆင်ခြင်မိတဲ့အကြောင်းလည်းဖော်ပြထားပါတယ်။

PDF (Kalay) အနေနဲ့ လွတ်လပ်မှုနဲ့တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတဲ့ ချင်းအမျိုးသားထုတစ်ရပ်လုံးနဲ့အတူ ခိုင်မာစွာအတူရပ်တည်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပန်းတိုင် မရောက်မချင်း အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။