ခြိမ်းခြောက်မှုတွေကြောင့် ဘယ်တော့မှ နောက်တွန့်မှာ မဟုတ်ဘူးလို့ ထိုင်ဝမ် ဒုတိယ သမ္မတပြော

သြဂုတ်၊ ၁၄

ခြိမ်းခြောက်မှုဆန်ဆန် ကန့်ကွက်တာတွေကြောင့် ထိုင်ဝမ်က နောက်တွန့်မှာ မဟုတ်ဘူးလို့ တရုတ်ကို ရည်ရွယ်ပြီး ထိုင်ဝမ် ဒုတိယ သမ္မတက ပြောကြားလိုက်ပါတယ်။

ထိုင်ဝမ် ဒုတိယ သမ္မတ ဝီလီယမ်လိုင်ဟာ လာမယ့် ဇန်နဝါရီ ရွေးကောက်ပွဲမှာ နိုင်ငံရဲ့ သမ္မတ ရာထူးကို လက်ရှိခေါင်းဆောင် ဆိုင်အင်ဝမ်ဆီက ဆက်ခံနိုင်မယ့်သူအဖြစ် ရေပန်းစားနေပါတယ်။ သူက ပါရာဂွေးနိုင်ငံကို အလည်အပတ် ခရီးစဉ် သွားရောက်ရင်း အမေရိကန်မှာ ခရီးတထောက် နားခဲ့တာကို တရုတ် အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန် ကန့်ကွက်ခဲ့တဲ့အပေါ် လိုင်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်အစိုးရကို သံတမန်ရေးအရ ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ဖို့ အစဉ်တစိုက် ဖိအားပေး ကြိုးစားနေပါတယ်။ ထိုင်ဝမ်ကတော့ လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတခု အနေနဲ့ ရပ်တည်ဖို့ကိုသာ ပိုမို လိုလားနေပါတယ်။

လိုင်ဟာ ပါရာဂွေး သမ္မတရဲ့ ဖိတ်ကြားမှုအရ သွားရောက် လည်ပတ်ရင်း ဩဂုတ် ၁၃ ရက်တုန်းက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ခရီးတထောက် နားခဲ့ပါတယ်။ နောက်ပြီး ထိုင်ဝမ်ကို အပြန်မှာလည်း ဆန်ဖရန်ဆစ္စကိုမြို့ဆီ ခဏတာ ဝင်ရောက် လည်ပတ်ဖို့ စီစဉ်ထားပါတယ်။

တရုတ် အစိုးရကတော့ ခါးသီးပြိုင်ဘက် အမေရိကန် ပိုင်နက်မှာ အနာဂတ် ထိုင်ဝမ်ခေါင်းဆောင် ဖြစ်လာနိုင်သူ တဦးက ခြေချခဲ့တဲ့ ကိစ္စကို သာမန် အခြေအနေလို့ လုံးဝ လက်မခံနိုင်ဘဲ တင်းတင်းမာမာ ကန့်ကွက်ခဲ့ပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုင်ဝမ်ကို တရုတ်ရဲ့ အစိတ်အပိုင်း တခုအဖြစ် မူအားဖြင့် လက်ခံထားတဲ့ သဘောထားကို အမေရိကန် အစိုးရက ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ နောက်ပြီး လိုင်ကိုလည်း ပြဿနာ ရှာတဲ့သူ တဦးလို့ တရုတ် အာဏာပိုင်တွေက ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။

နယူးယောက်မှာ ထိုင်ဝမ် လွတ်လပ်ရေး ထောက်ခံသူတွေနဲ့အတူ နေ့လယ်စာ သုံးဆောင်ခဲ့ချိန်မှာ လိုင်က ထိုင်ဝမ် လုံခြုံခြင်းဟာ ကမ္ဘာကြီးရဲ့ လုံခြုံခြင်းဖြစ်ကြောင်း၊ ထိုင်ဝမ် ရေလက်ကြားမှာ ငြိမ်းချမ်းနေတာဟာ ကမ္ဘာကြီး ငြိမ်းချမ်းနေခြင်းဖြစ်ကြောင်း ပြောပါတယ်။

ထိုင်​ဝမ်အပေါ် အာဏာစက်သုံးပြီး နိုင်လိုမင်းထက် ခြိမ်းခြောက်မှုတွေ ဘယ်လောက် ကြီးမားနေပါစေ၊ ထိုင်ဝမ်ဟာ လုံးဝ ကြောက်ရွံ့နေမှာ မဟုတ်ဘဲ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေရဲ့ စံတန်ဖိုးတွေကို ဆက်လက် ထိန်းသိမ်းထားမှာဖြစ်ကြောင်း လိုင်က ဆိုပါတယ်။

တရုတ် အစိုးရဟာ လိုင်ကို မနှစ်မြို့တဲ့ သဘောထားတွေ ပီပီပြင်ပြင် ပြသထားပြီးသား ဖြစ်ပါတယ်။ တရုတ်က လိုင်ဟာ ထိုင်ဝမ် လွတ်လပ်ရေးအတွက် ထိထိရောက်ရောက် အားထုတ်နေသူ တဦးအဖြစ် ရှုမြင်ထားပြီး လိုအပ်လာရင် ဒီကိစ္စကို ဟန့်တားနိုင်ရေးအတွက် စစ်အင်အားသုံးဖို့ ဘယ်တော့မှ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့လည်း သတိပေးထားပါတယ်။  

 

Ref: CNA