သြဂုတ် ၊ ၁၂
ဧရာဝတီတိုင်းဟာ စီးပွား၊ပညာရေး၊ကျန်းမာရေး၊တည်ငြိမ်ရေးကစလို့ ဘက်ပေါင်းစုံ ကောင်းမွန်တဲ့ အခြေအနေ မှာရှိနေတာကြောင့်ဆောင်ရွက်ချက်တွေအားလုံးကိုအသိအမှတ်ပြုအားပေးတယ်လို့အာဏာသိမ်းစစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ထပ်မံပြောဆိုလာပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မနေ့က ညနေပိုင်းမှာ ပုသိမ်မြို့ကိုသွားရောက်ခဲ့ပြီး မြို့မိ၊မြို့ဖတွေနဲ့တွေ့ဆုံခဲ့ တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်မီဒီယာတွေကဖော်ပြပါတယ်။
အာဏာသိမ်းပြီးနောက် ပြည်နယ်နဲ့ တိုင်းဒေသအားလုံး လိုလိုမှာ လက်နက်ကိုင်တော်လှန်မှုတွေနဲ့ ကြုံနေရပေ မယ့် ဧရာဝတီတိုင်းအတွင်းမှာတော့ ခုခံတိုက်ခိုက်မှုတွေကို ထိန်းချုပ်ထားနိုင်တာကြောင့် စစ်ခေါင်းဆောင်က ထုတ်ဖော်ချီးကျူးလေ့ရှိပြီး အခုတကြိမ် ချီးကျူးပြောဆိုတာဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။
ဧရာဝတီတိုင်းဟာကျောင်းတက်ရောက်သူ ဦးရေအများဆုံး၊ကျောင်းနေထိုင်မှုနဲ့ အောင်ချက်အများဆုံး ဖြစ် ကြောင်း၊ဆန်ဖူလုံမှုမြင့်မားပြီး အရည်အသွေး ကောင်း တဲ့ စပါးမျိုးတွေပိုင်ဆိုင်ထားကြောင်း၊တိုင်းအစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတွေရဲ့ လုပ်ဆောင်ချက်တွေကောင်းမွန်သလို ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့် အခုလိုတည်ငြိမ် နေတာဖြစ်ပြီး ဆက်လက်ထိန်းသိမ်းဖို့လိုကြောင်း စစ်ခေါင်းဆောင်ကပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အခုနှစ် ဖေဖော်ဝါရီလအတွင်း ပုသိမ်မြို့ကိုသွားရောက်ပြီး တိုင်းအစိုးရအဖွဲ့နဲ့တွေ့ဆုံရာမှာလည်း ဒေသတွင်းတည်ငြိမ်မှုနဲ့ပတ်သက်လို့ အလားတူ ထုတ်ဖော်ချီးကျူးပြော ဆိုခဲ့ဖူးပါတယ်။
မနေ့က ပုသိမ်မြို့မိ မြို့ဖ ဆိုသူတွေနဲ့ တွေ့ဆုံရာမှာတော့ ပုသိမ်လေယာဉ်ကွင်းကိုအဆင့်မြှင့်တင်ဖို့ ဆောင်ရွက် မှာဖြစ်ပြီး နိုင်ငံတကာ လေယာဉ်တွေဆင်းသက်နိုင်တဲ့အထိ ဆောင်ရွက်ပေးနိုင်ရေး စီမံနေတယ်လို့ အသုံးစရိတ် အကျပ်ရိုက်နေပြီး ဘတ်ဂျတ်လိုအပ်နေတဲ့ စစ်ကောင်စီခေါင်းဆောင်က ပြောဆိုခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်တဲ့ ဒေသတွေထဲမှာ ဧရာဝတီတိုင်းဟာလည်း အစောပိုင်းကာလတွေက ပါဝင်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ ဖမ်းဆီးနှိမ်နင်းမှုတွေနဲ့ ပထဝီအနေအထားအရ တော်လှန်ရေး တပ်ဖွဲ့တွေအခြေချ ရပ်တည်ဖို့မလွယ်ကူတဲ့အခြေအနေတွေကြောင့် နောက်ပိုင်းမှာ မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေနဲ့ တော်လှန်တိုက် ခိုက်မှုတွေ တိမ်မြုပ်နေခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီးက အစိုးရအဖွဲ့ဝင်တွေနဲ့ NLD ပါတီထိပ်ပိုင်းခေါင်း ဆောင် တွေကို စစ်ကောင်စီကဖမ်းဆီးခဲ့သလို စစ်တပ်ကိုဆန့်ကျင်တဲ့တော်လှန်ရေးအင်အားစုတွေကိုလည်း နှစ်ရှည် ထောင်ဒဏ်တွေချမှတ်ထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်ကောင်စီက ခံဝန်လက်မှတ် ထိုးစေ ပြီး ပြန်လွှတ်တာမျိုးတွေရှိခဲ့ပေမယ့် စစ်ကောင်စီအလိုကျ လိုက်နာဖို့ငြင်းဆန်တာကြောင့် တိုင်းအစိုးရအဖွဲ့လူမှု ရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကိုတော့ ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ နီးစပ်သူတွေက DNAကို ပြောထားပါတယ်။
အာဏာသိမ်းပြီးနောက် လက်ရှိအချိန်အထိ နိုင်ငံတဝှမ်း တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်အများအပြားကို စစ် ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီး ထိန်းချုပ်နိုင်ဖို့ကြိုးစားနေရပေမယ့် ဧရဝတီတိုင်းက မြို့နယ်တွေကိုတော့ စစ်အုပ်ချုပ်ရေးကြေညာရတာမျိုးမရှိသေးပါဘူး။
အာဏာသိမ်းကာလအစောပိုင်းကနေ အခုနှစ်ဆန်းပိုင်းလောက်အထိ ဧရာဝတီတိုင်းအတွင်းမှာမြို့ပြပြောက်ကျား လှုပ်ရှားမှုတွေရှိခဲ့သလို လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေ အခြေချဖို့ကြိုးစားတာတွေရှိခဲ့ပေမယ့် မြို့ပြပြောက် ကျား အဖွဲ့တွေ ဆက်တိုက်ဖမ်းဆီးခံခဲ့ရတဲ့နောက် တော်လှန်ရေးလှုပ်ရှားမှုတွေအားနည်းခဲ့ပါတယ်။
ဒါပေမယ့် ၂၀၂၁ခုနှစ် အာဏာသိမ်းမှုမဖြစ်မီ ကျင်းပခဲ့တဲ့ ၂၀၁၅နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာတော့ ဧ ရာဝတီတိုင်းဟာ NLD ပါတီဝင်ကိုယ်စားလှယ်လောင်းတွေ ရလဒ်ကောင်းခဲ့တဲ့ တိုင်းဒေသကြီးတခုဖြစ်ခဲ့ပြီး NLD ပါတီက လွှတ်တော်သုံးရပ်လုံးအတွက် အမတ်နေရာအများစုအနိုင်ရခဲ့တာပါ။
အာဏာသိမ်းပြီးနောက်မှာလည်း ဧရာဝတီတိုင်းအတွင်း အခြေစိုက်တဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ လက်ရှိအချိန် အထိ အားကောင်းမလာသေးပေမယ့် ဒေသအသီးသီးက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အား စုတွေ ထဲမှာတော့ လူသိများသူတချို့အပါအဝင် ဧရာဝတီတိုင်း ဒေသခံတွေပါဝင်လှုပ်ရှားနေကြပါတယ်။