ကလေးမှာ စစ်ဆေးရေးဂိတ် ရပ်မပေးလို့ဆိုပြီး ပစ်ခတ်လို့ တဦးသေ၊ တဦးဒဏ်ရာရ

သြဂုတ်၊ ၁၁
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာ ရပ်ကွက် စစ်ဆေးရေးဂိတ်မှာ အလုပ်ကနေ ထမင်းစားပြန်လာတဲ့ အမျိုးသား နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ တစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
“ သူတို့က ထမင်းစားပြန်လာတာ၊ ပန်းရံသမားတွေ။ တောင်ဖီလာမှာ စစ်ဆေးရေးဂိတ် ရှိတယ်လေ၊ အဲ့စစ်ဆေးရေးဂိတ်မှာ စစ်နေတာတွေ့တော့ သူတို့က လှည့်ပြန်တာ၊ အဲ့ဒါကို သူတို့ (စစ်ကောင်စီ) က လိုက်ပစ်တာ။ အဲ့မှာ တယောက်က သေတယ်၊ တယောက်က ဒဏ်ရာရတာ “ လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။
 
ကလေးမြို့မှာ သြဂုတ်လ ၁၀ ရက်၊ မနေ့က မနက် ၁၀ နာရီခန့်မှာ ပန်းရံလုပ်ပြီး မနက်စာစားဖို့ နေအိမ်ပြန်လာတဲ့ အမျိုးသားနှစ်ဦးဟာ တောင်ဖီလာရပ်ကွက် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေတာကြောင့် ရှေ့ဆက်မသွားဘဲ ဆိုင်ကယ်ကို ပြန်လှည့်ခဲ့တာကြောင့် ဂိတ်လုံခြုံရေးတွေက ပစ်ခတ်ခဲ့တာပါ။
 
ပစ်ခတ်ခံရတဲ့ အမျိုးသား နှစ်ဦးဟာ အင်ဒိုင်းကုန်းရပ်ကွက် (မွန်ထာရွာ) မှာ နေထိုင်ပြီး တောင်ဖီလာ ရပ်ကွက်၊ ဝန်းထမ်းအိမ်ယာ အနီးမှာ ပန်းရံလုပ်နေတဲ့သူတွေဖြစ်ပြီး အသက် ၂၈ နှစ်အရွယ် ကျုံးလျန်ဘိတ် ဟာဦးခေါင်းထိမှန်ပြီး သေဆုံးခဲ့သလို အသက် ၃၇ နှစ်အရွယ် အမျိုးသားတဦး လက်မောင်းရိုးကျိုးခဲ့တာပါ။
 
အခုလို အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ပြီးနောက် ကားနှစ်စီးနဲ့ မြို့လှဖက်သို့ သွားကာ သေနတ်ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ခဲ့ပေမယ့် အရပ်သား ထိခိုက်ဒဏ်ရာရတဲ့ အခြေနေကိုတော့ မသိရသေးဘူးလို့ နောက်ထပ်ဒေသခံအမျိုးသားတဦးက ဆိုပါတယ်။
 
အဲဒီ စစ်ကောင်စီတပ်ဟာ ကလေးမြို့၊ တောင်ဖီလာ၊ တာဟန်း၊ စမ်းမြို့၊ မြိုလှ စတဲ့ ရပ်ကွက်တွေမှာ ဂိတ်စခန်းတွေ ဖွင့်ထားပြီး လမ်းသွားလမ်းလာတွေကို ဖမ်းဆီးစစ်ဆေးတာတွေ၊ ငွေညှစ်တာတွေကို မကြာခဏ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ-ထားဝယ်-ရေး-မွန်ပြည်နယ်သွားတဲ့ မလွှဲတောင်စစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က တွေ့ရစဉ်။