ကေအဲန်ယူ တပ်မဟာ(၅) နယ်မြေက စီဒီအမ်မလုပ်တဲ့ ဝန်ထမ်းတွေ အရေးယူမယ်လို့ ထပ်မံသတိပေး

သြဂုတ်၊ ၉
 
ကေအဲန်ယူ-မူတြော်ခရိုင်၊ တပ်မဟာ(၅) နယ်မြေအတွင်းက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ အမြန်ဆုံး နှုတ်ထွက်ကြဖို့၊ မလိုက်နာတဲ့သူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ ထပ်မံပြုလုပ်မယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ရေးချုပ်ရုံးက ဩဂုတ်လ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
 
“ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေ၊ အုပ်ချုပ်ရေးမှူးတွေကို ဒီကေအဲန်ယူဘက်ကနေ သတိပေးနေတာတော့ ရှိတယ်၊ တပ်မဟာအလိုက်ပေါ့နော်၊ အရေးယူမှုအပိုင်းကျတော့ ထိန်းသိမ်းထားတဲ့ ပုံစံပဲလေ ” လို့ ကေအဲန်ယူအရာရှိတဦးက ပြောပါတယ်။
 
မူတြော်ခရိုင် တပ်မဟာ(၅) နယ်မြေအတွင်းရှိ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန်အတွက် အထောက်အကူဖြစ်စေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မိမိတို့ ရာထူးတာဝန်တွေကနေ စွန့်လွတ်၊ ထွက်ခွာ၊ နုတ်ထွက်ကြဖို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကလည်း ကေအဲန်ယူက ထုတ်ပြန်ခဲ့ပါတယ်။
 
အဲဒီထုတ်ပြန်ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး တချို့က လိုက်နာဆောင်ရွက်မှု ရှိခဲ့ပေမယ့် တချို့သော ဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဒီကနေ့အချိန်ထိ လိုက်နာဆောင်ရွက်မှု မရှိသေးဘူးလို့ ကေအဲန်ယူက ဆိုပါတယ်။
 
ဒါ့အပြင် ကေအဲန်ယူတပ်မဟာ(၅) ရဲ့ ထုတ်ပြန်ကြေညာချက်ကို ဆန့်ကျင်ပြီး တချို့သော ဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေက စစ်ကောင်စီအား အကျိုးပြုစေတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ဆက်လက်ပြုလုပ်နေတာကို တွေ့ရှိနေရဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒါကြောင့် ‌ယခုအမိန့်ထုတ်ပြန်ကြေညာချက်အတိုင်း အတိအလင်း လိုက်နာဆောင်ခြင်း မရှိတဲ့သူတွေကို အမိန့်ဆန့်ကျင်သူတွေအဖြစ် သတ်မှတ်ပြီး ကေအဲန်ယူ တပ်မဟာ(၅) အနေနဲ့ ယခင်ကထက်ပိုပြီး ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။
 
ဒါပေမယ့် သတိပေးတဲ့ အချိန်ကာလနဲ့ ဘယ်လိုပုံစံမျိုးနဲ့ အရေးယူဆောင်ရွက်သွားမှာကိုတော့ ကေအဲန်ယူ တပ်မဟာ(၅) ဘက်က ရေးသားဖော်ပြထားခြင်း မရှိဘဲ သိရှိနိုင်နိုင်ဖို့ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံကို DNA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
 
” ပြီးခဲ့တဲ့ နှစ်တွေထဲမှာဆို သူတို့ဟာ သူတို့ ဝင်လာတဲ့ သူတွေရော၊ ဖမ်းမိတဲ့ သူတွေရောပေါ့၊ စစ်ဆေးတယ်၊ ပြီးတော့ သူတို့ သွားချင်တဲ့ နေရာကို ပို့ပေးမယ်၊ လိုအပ်တဲ့ အကူအညီတွေ ပေးတာပေါ့နော်။ သူတို့တွေ ဘာပြစ်မှုမျိုး လုပ်ထားသလဲပေါ့နော်၊ လုပ်ထားတဲ့အပေါ်မှာ အပြစ်ပေး အရေးယူတာမျိုးတော့ ရှိမှာပေါ့၊ ဘာမှ မရှိဘူးဆိုရင်လည်း သတိပေးမယ်ပေါ့။ ကြီးကြီးမားမားတော့ မရှိပါဘူး ” လို့ ကေအဲန်ယူမှ အရာရှိတဦးက ပြောပါတယ်။
 
ပထမအကြိမ် သတိပေးစာ ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းမှာ တပ်မဟာနယ်မြေအတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတချို့က CDM ပြုလုပ်သွားသူများ ရှိသလို အများစုကတော့ ဒီကနေ့အထိ Non-CDM အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေကြတယ်လို့ အမည်မဖော်လိုတဲ့ CDM ပြုလုပ်သွားတဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။
 
“ ကျွန်တော်တို့ ထွက်တုန်းကတော့ နှစ်ယောက်ပေါ့နော်၊ တခြားမြို့နယ်တွေလည်း ရှိဦးမှာပေါ့ ကျွန်တော်တို့လို၊ အဓိက စိုးရိမ်စိတ်ကြောင့်လုပ်ရတာပါ၊ နှစ်ဖက်စလုံးကို ကြောက်နေရတယ်လို့ ပြောရမှာပဲ အမှန်တိုင်းပြောရရင်လေ၊ အခုတော့ CDM လုပ်ပြီး တခြားနိုင်ငံမှာ ခိုးဝင်ပြီး တရားမဝင်နေထိုင်နေရတာပေါ့ဗျာ၊ ဘယ်အဆင်ပြေမလဲ။ မတတ်နိုင်ဘူးလေ ” လို့ အဲဒီCDM ဝန်ထမ်းက ပြောပါတယ်။
 
ဒါ့အပြင် တချို့ကျန်ခဲ့တဲ့ Non-CDM တွေထဲမှာဆိုရင်လည်း အခြေအနေအကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီလက်အောက်မှာ ဆက်လက်လုပ်ကိုင်နေကြရသူများ ရှိသလို တချို့ဆိုရင် တော်လှန်ရေးအင်အားစုတွေအတွက် သတင်းပေးတာ၊ ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်သူတွေလည်း ရှိကြတယ်လို့ ဆိုပါတယ်။
 
စစ်တပ်အာဏာသိမ်းချိန်ကနေ နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတဝှမ်းမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ CDM ဝန်ထမ်းပေါင်း သုံးသိန်းခန့် ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောဆိုထားပါတယ်။
 
ဒါ့အပြင် စီဒီအမ်လှုပ်ရှားမှုမှာ မပါဝင်တဲ့ နိုင်ငံဝန်ထမ်းတွေကို စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်တဲ့အတွက် အမည်ပျက်စာရင်းသွင်းပြီး ထုတ်ပယ်ကြောင်း ကြေညာတာလည်း မကြာခဏတွေ့ရပါတယ်။
 
လက်ရှိမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းအားလုံးကို NUG အစိုးရဘက်က ထောက်ပံ့ကူညီတာ၊ အလုပ်အကိုင်အခွင့်အလမ်း ရှာပေးတာတွေ လုပ်ဆောင်ပေးနေပေမယ့် အားလုံးကို လွှမ်းခြုံနိုင်တဲ့ အခြေအနေမရှိသေးဘူးလို့ CDM ဝန်ထမ်းတွေက ပြောကြပါတယ်။
 
ဓာတ်ပုံ – AP