သြဂုတ်၊ ၉
ပြီးခဲ့တဲ့ ဇွန်လကလည်းက စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ထားဝယ်သပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦး ရဲ့ ဖခင်ဖြစ်သူ ဦးအောင်ဖေ ကို နှစ်လကြာတဲ့အထိ ပြန်မလွှတ်သေးဘဲ လောင်းလုံးမြို့နယ်ရဲစခန်း မှာ ဆက်လက် ဖမ်းဆီးထားတယ်လို့ ကိုမင်းလွင်ဦးက DNA ကိုပြောပါတယ်။
ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူ ဦးအောင်ဖေကို ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေက အင်အား ၃၀ လောက်နဲ့ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးချိန်မှာ ဦးအောင်ဖေနဲ့အတူ အသက် ၁၈ နှစ်အရွယ် အိမ်နီးချင်းတဦးကိုပါ ဖမ်းဆီးသွားတာဖြစ်ပြီး အတူဖမ်းဆီးခံလိုက်ရတဲ့ လူငယ်အမျိုးသားကို ပြန်လွှတ်ပေးလိုက်ပေမယ့် ဦးအောင်ဖေကိုတော့ ဒီကနေ့ သြဂုတ် ၉ ရက်နေ့အထိ ပြန်လွှတ်ပေးတာ မရှိသေးပါဘူး။
” ပြန်မလွတ်သေးဘူး၊ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးတော့ ဘာမှ သေချာမသိရသေးဘူး၊ သူတို့ စစ်ဆေးပြီးရင်တော့ မိသားစုနဲ့ တွေ့ခွင့်ရမယ်ပြောတယ်တဲ့၊ လောလောဆယ်တော့ ဘာပုဒ်မမှ မတပ်ထားသေးဘူး ” လို့ ကိုမင်းလွင်ဦးက DNA ကို ပြောပါတယ်။
အသက် ၆၅ နှစ်ခန့်ရှိပြီဖြစ်တဲ့ ဦးအောင်ဖေဟာ ကျန်းမာရေးအခြေအနေရ ဆေးဝါးပုံမှန် မှီဝဲနေရတာကြောင့် အခုလည်း ဆေးတွေ ပို့ပေးနေရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဦးအောင်ဖေကို လောင်းလုံးမြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး ရိုက်နှက်နှိပ်စက်ခံရတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့ ဖမ်းဝရမ်းနှစ်ကြိမ်ထုတ်ထားတဲ့ အကြမ်းမဖက် လူထုသပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးကို ဖမ်းမမိတာကြောင့် အခုလို သူ့ဖခင်ကို ဖမ်းဆီးထားတာဖြစ်တယ်လို့ ကိုမင်းလွင်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကိုမင်းလွင်ဦးကိုရဲ့ မိခင်ဖြစ်သူကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တပတ်လောက်အကြာမှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဓာတ်ပုံ – Social Media