အာရှလမ်းပိုင်း မြေပြိုမှုတွေထပ်ဖြစ်လို့ ကုန်စည်စီးဆင်းမှုရပ်တန့်ပြီး ဒေသတွင်းကုန်ဈေးနှုန်းတက်

သြဂုတ်၊ ၉
 
မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ တောင်ကျရေ လိမ့်ဆင်းမှုကြောင့် မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်ကြား တောနော်ရေတံခွန်း အနီး အာရှလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက် မွန်းလွဲပိုင်းက အကျယ် ပေ ၁၀၀ ဝန်းကျင်ခန့် တောင်မြေသားနဲ့အတူ ပြိုကျပျက်စီးသွားခဲ့ပါတယ်။
လက်ရှိမှာလည်း မိုးဆက်တိုက်ရွာသွန်းမှုတွေကြောင့် အာရှလမ်းမကြီးတလျှောက်က တချို့နေရာတွေမှာလည်း မြေသားပြိုကျတာ၊ ကားလမ်းအက်ကွဲတာတွေလည်း ထပ်မံဖြစ်ပေါ်ခဲ့တဲ့အတွက် ခရီးသည်တင်ယာဉ်တွေ၊ ကုန်တင်ယာဉ်တွေက လုံးဝဖြတ်သန်းသွားလာလို့ မရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီအခြေအနေတွေကြောင့် ထိုင်း-မြန်မာ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားပြီဖြစ်သလို တချို့ကုန်ဈေးနှုန်းတွေ တက်စပြုလာပြီဖြစ်တယ်လို့ ကုန်သည်တွေနဲ့ အိမ်ထောင်ရှင်မတွေထံမှ သိရပါတယ်။
“ လောလောဆယ်ဆယ်တော့ ကုန်စည်စီးဆင်းမှုက ရပ်ဆိုင်းထားရတယ်ပေါ့၊ လမ်းက သွားလို့ ရမလား၊ မရဘူးလား၊ ဒါမဟုတ် ဒီ ကျိုးပျက်စီးသွားတဲ့ဟာကိုပဲ ပြန်ပြီး လုပ်ဆောင်ပေးမလဲဆိုတာကို စောင့်ကြည့်ရမှာပေါ့ဗျာ။ လုံးဝ ရပ်တန့်ထားရတယ်၊ တော်တော်ဆိုးဝါးဝါးဖြစ်သွားတယ်၊ နှစ်နေရာဖြစ်သွားတယ်၊ တနေရာက ပြိုကျသွားတာ၊ တနေရာက ကျွံကျသွားတာ၊ ကွဲအက်သွားတာပေါ့၊ လောလောဆယ်ဆယ်က ပိတ်ထားတယ်၊ ကုန်ဈေးနှုန်းကတော့ တက်မှာဗျ၊ အောက်ဘက်ကလူတွေတော့ တက်မှာ၊ အပေါ်ဘက်ကလူတွေတော့ မတတ်ဘူး၊ ဘာလို့လဲ ဆိုတော့ ဒီလမ်းပိတ်လိုက်တဲ့အပေါ်မှာ ကုန်တွေကို အခြေခံပြီးရောင်းရတဲ့ ဆိုတဲ့အခါမှာ ကုန်ဈေးနှုန်းက နည်းနည်းထပ်တက် သွားမှာပဲ ” လို့ မြဝတီက ကုန်သည်တဦးက ပြောပါတယ်။
လက်ရှိမှာလည်း မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း ပြတ်တောက်သွားတဲ့ သတင်းတွေကြောင့် ထိုင်းနိုင်ငံကနေ တင်သွင်းနေတဲ့ ယိုးဒယားထုတ် ပုဇွန်နှစ်ကောင် ဆီတပုံးကို ငွေကျပ် ၂၂၀၀၀ ကနေ ကျပ် ၂၅၀၀၀ အထိ သုံးထောင်နီးပါး ဈေးတက်လာသလို ခေါက်ဆွဲခြောက်ထုတ် တဖာကို ကျပ် ၁၇၀၀၀ ကနေ ကျပ် ၂၀၀၀၀ အထိ ဈေးနှုန်းတွေ ချက်ချင်းတက်လာတယ်လို့ သိရပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ပြည်သူတွေအကြားမှာ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား တွေကအစ ဝယ်ယူစုဆောင်းသူတွေ များပြားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိမှာ တချို့ဆိုင်တွေမှာ အခြေခံစားသောက်ကုန်တွေ လိုသလောက်ဝယ်ယူလို့ မရနေတဲ့အပြင် ဈေးကြီးပေး ဝယ်နေတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်လာရပြီးလို့ ဒေသခံတဦးက ပြောပါတယ်။
“ အခုတောင် လမ်းပြတ်တောက်တာ တရက်၊ နှစ်ရက်ဘဲ ရှိသေးတာ၊ တချို့ကုန်ဈေးနှုန်းတွေ စတက်နေပြီ၊ ဈေးကစားကြတာပေါ့ဗျာ။ အဓိက ယိုးဒယား ထုတ်ကုန်တွေပေါ့၊ တချို့ဟာတွေဆို ဝယ်ဖို့တောင် အတော်လေး အခက်အခဲဖြစ်နေရတယ်၊ လုဝယ်နေရတာပေါ့၊ ဈေးကလည်း နည်းနည်းစတက်လာပြီး၊ အဆင်မပြေဘူးလေနော်၊ ဒီလိုကာလမှာ နိုင်ငံရေးက မကောင်း၊ သဘာဝဘေးကလည်း ခံနေရ၊ အလုပ်အကိုင်ကလည်း ရှား၊ ဝင်ငွေကလည်း မရှိ၊ တော်တော်လေး အဆင်မပြေနေကြဘူး၊ ကျွန်တော်တို့လို လူလတ်တန်းစားတွေက နည်းနည်းအဆင်ပြေသေးတယ်၊ နည်းနည်းပါပဲ၊ တကယ်ဟိုးအောက်ခြေလူတန်းစားတွေဆို အရမ်းဒုက္ခရောက်နေပြီ၊ သူတို့အတွက် တနေ့စားဖို့၊ သောက်ဖို့က မလွယ်ဘူးလေ။ ပြည်သူတွေကတော့ မိအေးနှစ်ခါနာ၊ သုံးခါနာ၊ လေးခါနာသလို အဖက်ဖက်ကနေ အဆင်မပြေကြတော့ဘူးလေ ” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ မြဝတီ အာရှလမ်းပိုင်း ပျက်စီးမှုနဲ့ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းအတွက် တစုံတရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
လက်ရှိမှာ အာရှလမ်း ပြတ်တောက်သွားတဲ့အတွက် စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစုတွေ နယ်မြေစိုးမိုးမှု ရရှိထားတဲ့ ဒေါနတောင်ပတ်လမ်းဟောင်း ဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ KNU တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ခေါင်းဆောင်တဦးက ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် လမ်းဟောင်းကို အသုံးပြုသွားလာကြမယ့် ပြည်သူတွေအနေနဲ့ အခြေအနေအချိန်အခါကို ကြည့်ပြီး ဖြတ်သန်းသွားကြဖို့၊ ကားမှန်ချပြီး သွားလာကြဖို့နဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပါက ကြည်ဖြူစွာ လက်ခံပေးကြဖို့ကိုလည်း တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းထားပါတယ်။
 
တဖက်မှာလည်း မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ မြစ်ရေတက်လာတဲ့အတွက် ကရင်ပြည်နယ်အတွင်းက မြို့နယ်အများစုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး ပြည်သူတွေ သောင်းနဲ့ချီ ရေဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
အဲဒီထဲက တချို့ပြည်သူတွေဟာဆိုရင် ကရင်ပြည်နယ်အတွင်းမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရင်းနဲ့ ယခုလို ရေကြီးရေလျှံမှုတွေကြောင့် တပူပေါ်နှစ်ပူဆင့် ထပ်မံပြီးတော့ ရေဘေးသင့်ခဲ့ကြရတာ ဖြစ်ပါတယ်။
“ တော်တော်များပါတယ်၊ ဒီကရင်ပြည်နယ် နေရာဒေသတော်တော်များများမှာ ရေးကြီးရေလျှံမှုတွေ ကြုံတွေ့နေရတယ်လို့ ပြောလို့ရတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူရဲ့ ဘဝကို ကြည့်လိုက်ရင် တကယ့်ကို သနားစရာကောင်းပါတယ်၊ စစ်ပြေးနဲ့ စဉ်ဆက်မပျက်ကြုံတွေ့ နေရတဲ့ ရာသီအလိုက် သဘာဝဘေးအန္တရာယ် အမြဲတမ်းလိုလို ကြုံတွေ့နေရတယ်၊ ဒီအခြေအနေကို ကြည့်ရရင် လူသားတန်ရဲ့သားနဲ့ လူသားလိုမျိုး အသက်ရှင်နေထိုင်ခွင့်ပေါ့နော်၊ တည်ငြိမ်အေးချမ်းမှု၊ ဘေးကင်းလုံခြုံမှု အပြည့်အဝ မရရှိကြဘဲ၊ အခက်အခဲပေါင်း ဒုက္ခပေါင်းများစွာနဲ့ နေ့စဉ်နဲ့အမျှ ဆက်လက်ပြီးတော့မှ နေထိုင်နေရတယ် ” လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)က စောနန္ဒဆူး ကပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ မွန်းလွဲပိုင်းရဲ့ တိုင်းထွာချက်အရ သံလွင်မြစ်ရေက ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် လေးပေခန့်ကျော်လွန်နေပြီး နောက်တရက်အတွင်းမှာ တပေခန့် ထပ်မြင့်တက်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
အလားတူပဲ သောင်ရင်းမြစ်ရေကလည်း မြဝတီမြို့ရဲ့ စိုးရိမ်ရေအမှတ်ထက် သုံးပေခန့် ကျော်လွန်နေပြီး နောက်နှစ်ရက်အတွင်းမှာ ယင်းမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဘီးလင်းမြစ်ရေက ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေအမှတ်ထက် နှစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တရက်အတွင်းမှာ ၁ ပေခန့် ထပ်မံမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဘားအံ၊ မြဝတီ၊ ဘီးလင်းမြို့နယ်နဲ့ အဲဒီမြစ်ကမ်း အနီးအနားတလျှောက်နဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်သွားလာကြဖို့ လိုအပ်တယ်လို့ မိုးဇလက အကြုံပြုထားပါတယ်။
 
ဓာတ်ပုံ – Social Media