သြဂုတ်၊ ၈
ဒီကနေ့ ဩဂုတ်လ ၈ရက်နေ့မှာ ကျရောက်တဲ့ ရှစ်လေးလုံး အရေးတော်ပုံ ၃၅ နှစ်ပြည့်အခမ်းအနားကို ထိုင်း – မြန်မာနယ်စပ် တနေရာမှာ ရှစ်လေးလုံးမျိုးဆက်တွေနဲ့ ဗကသကျောင်းသားတွေ ပူးပေါင်းကျင်းပခဲ့ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီး ၃၅ နှစ်ကြာခဲ့တဲ့ ယခုအချိန်ထိ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ဒီမိုကရေစီကို မရရှိခဲ့ဖူးဘူးလို့ ရှစ်လေးလုံး မျိုးဆက်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောကြားသွားခဲ့ကြပါတယ်။
“ ကျွန်တော်တို့ ရှစ်လေးလုံးကတိသစ္စာက အခုထိမပြည့်မြောက်သေးဘူးဆိုတာကို ဝန်ခံရမယ်။ ကျွန်တော်တို့လိုချင်ခဲ့တဲ့ ဒီမိုကရေစီလမ်းပေါ်ကို မလျှောက်နိုင်သေးဘူး။ ရှစ်လေးလုံးဟာ ပြီးသွားခဲ့တာမဟုတ်ဘူး အခုထိဆက်လက်ရှင်သန်နေတယ်။ ဒါကို ကျွန်တော်တို့ ဒီတကြိမ်မှာရပ်တန့်ပစ်ဖို့လိုတယ် ” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဉီးဆောင်ကော်မတီဝင် ဉီးထွန်းကြည် က ပြောပါတယ်။
လွတ်မြောက်နယ်မြေတချို့မှာတော့ အခမ်းအနားပြုလုပ်ပြီး ရှစ်လေးလုံး အရေးတော်ပုံကြီး အပါအဝင် စစ်အာဏာရှင်ကိုတိုက်ထုတ်ရာမှာ ကျဆုံးသွားခဲ့တဲ့ ရဲဘော်အာဇာနည်တွေကို သတိရ ဂုဏ်ပြုခြင်းအစီအစဉ်တွေ ပြုလုပ်ခဲ့ကြပါတယ်။
နိုင်ငံရေးအစုအဖွဲ့အသီးသီးနဲ့ တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မြို့ပြတွေမှာတော့ ပျောက်ကြားသပိတ်တွေဖော်ဆောင်ခဲ့ကြပါတယ်။
Photo -DNA