PDF တွေအင်အားပြလှည့်လည်ခဲ့တဲ့ စကျင်ရွာမှာ စစ်ကောင်စီတပ်စွဲ

သြဂုတ်၊ ၈
 
NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တပ်ရင်းတခုဖြစ်တဲ့ တောကြီးမြွေပွေး အဖွဲ့ အင်အားပြလှည့်လည်ခဲ့တဲ့ မတ္တရာနယ်က စကျင်ရွာထဲမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲထားပြီး အင်အားလည်း ဖြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ ရွာမှာ တပ်စွဲထားတာ သုံးရက်လောက်တော့ ရှိပြီ၊ ကားတွေနဲ့ ရောက်ချလာတာ ၁၂ စီးလောက်ရှိတယ်၊ လူကများတယ်၊ တချို့ကလည်း ယူနီဖောင်းမပါဘူး၊ တချို့ကလည်း ရဲတွေပါတယ်၊ ရဲတွေက မနေ့ကမှ လာချသွားတာပါ၊ သူတို့ ထပ်အင်အားတိုးထားတဲ့ အနေအထားပေါ့ ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက DNAကို ပြောပါတယ်။
 
တောကြီးမြွေပွေးအဖွဲ့ တပ်ဖွဲ့ဝင်တွေက စကျင်ရွာထဲ ဈေးဝယ်ထွက်လှည့်လည်ခဲ့ကြောင်း လက်နက်ကိုယ်စီနဲ့ သွားလာနေကြတဲ့ ရုပ်သံဖိုင်ကို ထုတ်ပြန်ခဲ့ပြီး နောက်တရက်မှာပဲ စစ်ကောင်စီတပ်တွေက အဲဒီရွာမှာ လာရောက် တပ်စွဲခဲ့တာလို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ စကျင်ကျေးရွာထဲကို အခုလ ၆ ရက်မှာ အင်အား တရာကျော်လောက်နဲ့ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး မတ္တရာမြို့ကနေ ကားကိုးစီးလောက်နဲ့ အရင်ဆုံး ရောက်ရှိလာတာလို့ ဆိုပါတယ်။
 
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စကျင်ရွာရဲ့ အနောက်ဖက် ဘုရားကြီးဆိပ်မှာ တပ်စွဲထားပြီး ဧရာဝတီမြစ်ကြောင်းတလျှောက် ရေယာဉ်တွေ အသုံးပြုပြီး ကင်းလှည့်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
စကျင်ကျေးရွာဟာ ဗုဒ္ဓဆင်းတုတွေ ထုလုပ်ရာမှာ အသုံးများတဲ့ စကျင်ကျောက်တွေ ထွက်ရှိရာ ဒေသမှာ ရှိတာဖြစ်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်တည်ထားတဲ့ မာရဝိဇယ ရုပ်ပွားတော် ထုလုပ်တဲ့ စကျင်ကျောက်ကလည်း အဲ့ဒီဒေသက ထွက်တာဖြစ်ပါတယ်။
 
အဲ့ဒီရုပ်ပွားတော် အနေကဇာတင်ပွဲနဲ့ ပတ်သက်လို့ လူပြောများနေချိန်မှာ တောကြီးမြေပွေးတပ်ဖွဲ့ဝင်တွေက စကျင်ရွာထဲ ဈေးဝယ်ထွက်ခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက်မှာ ဖော်ပြခဲ့တာပါ။
 
စကျင်ရွာကို စစ်ကြောင်းဝင်ရောက်လာပြီး တပ်စွဲထားတဲ့အတွက် တရွာလုံးနီးပါး ထွက်ပြေးရတာ မရှိသေးပေမယ့် စစ်ကောင်စီတပ်တွေ အထိုင်ချထားတဲ့ အနီးနားက ဒေသခံတချို့ကတော့ ဝေးရာကို တိမ်းရှောင်နေကြတာတွေ ရှိတယ်လို့ ရွာခံတဦးက ပြောပါတယ်။
 
“ ရွာထဲက လူတွေကတော့ ကိုယ်အိမ်မှာပဲ ကိုယ်နေကြတာ များတယ်၊ အကြောင်းမရှိဘဲ အဲဒီ (စစ်ကောင်စီတပ်တွေရှိရာ)ဘက်ကို မသွားကြတော့ဘူး၊ သူတို့ စရောက်ကာစကတော့ ရွာထဲမှာ နှစ်ယောက်ပူး ဆိုင်ကယ်စီးတာတွေ စစ်ဆေးတာတွေ လုပ်ပါတယ်၊ သူတို့ကလည်း ကိုယ်ဘာသာနေကြ၊ လုပ်စရာရှိတာ လုပ်ကြ၊ ရတယ်လို့တော့ ပြောထားတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
အဲဒီတပ်ဖွဲ့က လက်ရှိမှာ ဧရာဝတီမြစ်ကမ်းဘေး မတ္တရာမြို့အနောက်ဖက် နတ်ကြီးစင်၊ မြေပုံကန်၊ မြွေကြည်ကုန်း၊ မြွေရွှေခဲ၊ မြွေဟင်္သာ၊ မြွေတလိုင်း၊ မြွေပုသိမ် စတဲ့ကျေးရွာပေါင်း ၂၀ ကျော်လောက်ကို အင်အား သုံးရာကျော်လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ရှိတဲ့ အတွက် ဒေသခံတွေ စစ်ရှောင်နေရတယ်လို့ Wetlet information network က ဖော်ပြထားပါတယ်။
 
“ စကျင်ရွာ အနောက်ဘက်ရွာတွေ အကုန်ပြေးနေရတာပဲ၊ ကျွန်းပေါ်ဒေသတွေ ပြေးကြတာပေါ့၊ အခု မြစ်ရေကလည်း တော်တော်လေး တိုးနေတာဆိုတော့ တော်တော်တော့ အခက်အခဲတွေ ရှိနေတယ်၊ တချို့ကလည်း စားစရာတွေ ပါတယ်ဆိုပေမယ့် တချို့က မတတ်နိုင်ကြတော့ ဘာမှ မပါလာကြဘူး၊ စစ်ရှောင်တွေကို ကူညီတဲ့ အဖွဲ့တွေက ကျွေးတာ စားနေတာလည်း ရှိတယ် ” လို့ Wetlet information network တာဝန်ရှိသူတဦးက ပြောပါတယ်။
 
စကျင်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေက မြွေဟင်္သာရွာနဲ့ မြွေတလိုင်းရွာ ထဲက ပြည်သူပိုင် ဆန်အိတ်တွေအပါအဝင် ဆီပုံးတွေကို စက်လှေ လေးစီးနဲ့ ဒီကနေ့မနက်ပိုင်းမှာ လာရောက်ယူဆောင်သွားတယ်လို့လည်း သူကဆိုပါတယ်။
 
စစ်အုပ်စုထောက်ခံတဲ့ တယ်လီဂရန် ချန်နယ်တွေမှာတော့ စကျင်ရွာကို တပ်စွဲပြီးနောက် တောကြီးမြွေဟောက် အဖွဲ့ဝင်နှစ်ဦးကို အသေဖမ်းမိတယ်လို့ သတင်းတွေ ဖြန့်နေပါတယ်။
 
တောကြီးမြွေပွေးအဖွဲ့ တာဝန်ခံ ဗိုလ်တီ အဖွဲ့ကတော့ စစ်အုပ်စုဖြန့်နေတဲ့ သေဆုံးသူ နှစ်ဦးဟာ သူတို့တပ်ဖွဲ့ဝင်တွေ မဟုတ်သလို ထိတွေ့တိုက်ပွဲ ဖြစ်ထားတာလည်း မရှိသေးဘူးလို့ DNA ကိုပြောပါတယ်။
 
ဒါ့အပြင် ဒေသခံတွေကလည်း အဲဒီလိုဖြန့်ဝေဖော်ပြနေတဲ့ သေဆုံးသူတွေဟာ ဒေသခံတွေမဟုတ်ဘူးလို့ ဆိုပါတယ်။ အင်အားပြ လှည့်လည်ခဲ့ပြီးနောက် အခုလို ရွာထဲကို စစ်ကောင်စီတပ်တွေ ရောက်လာတာနဲ့ပတ်သက်လို့ တောကြီးမြွေပွေးအဖွဲ့ တာဝန်ခံ ဗိုလ်တီက အခုလိုပြောပါတယ်။
 
“ စကျင်ဆိုတာ ဟိုးကတည်းက စစ်ကြောင်းတွေ ရှိတဲ့ နယ်မြေဗျ၊ ကျွန်တော်တို့ စိုးမိုးနယ်မြေမဟုတ်ဘူး၊ ဒီလို နယ်မြေကို သွားတယ်ဆိုတာက ပြည်သူတွေအားရှိအောင် လုပ်ပြတဲ့သဘောပေါ့နော်၊ ဒီလိုပြောလို့ ကျွန်တော်တို့ လုပ်ရပ် မှန်တယ်လို့လည်း ပြောတာမဟုတ်ဘူး၊ မှားတဲ့အပိုင်းတွေလည်း ရှိတယ် ” လို့ သူကပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း စစ်ကိုင်းတိုင်း ဆားတောင်မြို့ပေါ်မှာ ဇီးရိုးပျောက်ကြားတပ်ဖွဲ့ ဝင်တွေက လက်နက်ကိုယ်စီနဲ့ လှည့်လည်သွားလာခဲ့ကြတဲ့ ရုပ်သံထွက်ပေါ်လာပြီးနောက် စစ်ကောင်စီက ဆားတောင်မြို့ အနီးတဝိုက် ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တာကြောင့် တိုက်ပွဲတွေ ဖြစ်ခဲ့သလို ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတာ၊ အိမ်တွေ မီးရှို့ဖျက်ဆီးခံရတာမျိုးတွေ ဖြစ်ခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – Social Media