တော်လှန်ရေးအရှိန်မြင့်ဖို့ ဘာသာပေါင်းစုံကွန်ရက်ငါးခု တောင်းဆို

သြဂုတ်၊ ၈
 
ပြည်သူတွေနဲ့ အရေးတော်ပုံတပ်သားတွေရဲ့ ပေးဆပ်နေရမှုတွေကို အချည်းနှီးမဖြစ်စေဘဲ NUG ၊ NUCC ၊ NLD ၊ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ တော်လှန်ရေး အရှိန်အဟုန်မြှင့်ပေးဖို့ ဘာသာပေါင်းစုံ ကွန်ရက်ငါးခုက ဒီကနေ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ ထုတ်ပြန်တောင်းဆိုပါတယ်။
 
အမျိုးသားညီညွတ်ရေး အစိုးရ NUG အနေနဲ့လည်း အခုနှစ်ဟာ “ အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ် ” လို့ သတ်မှတ်ကြေညာထားတဲ့အပေါ် လက်တွေ့အလေးထားပြီး တာဝန်ယူ၊ တာဝန်ခံမှုနဲ့အတူ မဟာဗျူဟာမြောက် ဆောင်ရွက်ပေးဖို့ တိုက်တွန်းတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
“ NUG သည် ပြည်သူတွေ ထောက်ခံထားတဲ့ တပ်ဦး အစိုးရဖြစ်တယ်၊ တပ်ဦးပီသဖို့ အရေးတကြီး လိုအပ်တယ် ” လို့ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်က တာဝန်ရှိသူတဦးလည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်းဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။
 
NUG က ၂၀၂၃ ခုနှစ်ကို အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ်ဆိုပြီး ကြွေးကြော်ခဲ့တာဟာ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေကို စိတ်ခွန်အားဖြစ်စေခဲ့သလို ဆန္ဒနဲ့မျှော်လင့်ချက်တွေကိုလည်း ထင်ဟပ်စေတဲ့ ကြွေးကြော်သံတခု ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
 
“ အဆုံးအဖြတ်နှစ်အဖြစ် သတ်မှတ်ကြေညာထားတဲ့အတိုင်း လက်တွေ့ကျကျ အပြီးသတ်ပေးဖို့ ပြည်သူလူထုက ဆန္ဒပြင်းပြလျက်ရှိတယ်၊ အဲဒီအပေါ်မှာ ကျွန်တော်တို့ ပူးတွဲကြေညာချက်မှာ ပါတဲ့ အဖွဲ့တွေအနေနဲ့လည်း NUG ကို တပ်ဦးပီသဖို့နဲ့ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ သတိပေးခြင်းဖြစ်တယ်၊ Remind လုပ်ခြင်းဖြစ်တယ် ” လို့ ဦးထွန်းကြည်က ပြောပါတယ်။
 
ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်မြောက်နေ့ အထိမ်းအမှတ်အဖြစ် နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်၊ နွေဦးတော်လှန်ရေး သံဃကွန်ရက်၊ သံဃသမဂ္ဂ (မန္တလေး)၊ နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်မ်ကွန်ရက်၊ မြန်မာမွတ်စလင်မ် တော်လှန်ရေးအင်အားစုတွေက အဲဒီလို ထုတ်ပြန်တိုက်တွန်းတာပါ။
 
သမ္မတ ဦးဝင်းမြင့် နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို စစ်ကောင်စီက ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရမယ်လို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုအမြန်ဆုံး အသိအမှတ်ပြုပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အကူအညီတွေ ပိုမိုကူညီဖို့ နွေဦးတော်လှန်ရေးကွန်ရက်တွေက တောင်းဆိုကြပါတယ်။
 
စစ်အာဏာရှင်စနစ် အမြန်ဆုံး အမြစ်ဖြတ် ချုပ်ငြိမ်းရေးနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဘက်ပေါင်းစုံက တော်လှန်တိုက်ပွဲဝင်နေကြတဲ့ အင်အားစုတွေကို အပြည့်အဝ အားပေးထောက်ခံပြီး ရှစ်လေးလုံး အရေးတော်ပုံစိတ်ဓာတ်ကိုင်စွဲကာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
 
ဒီကနေ့ ကျရောက်တဲ့ ၃၅ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အခမ်းအနားကို NLD ပါတီက အွန်လိုင်းက ပြုလုပ်ခဲ့ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ၊ NUCC တို့အပါအဝင် တော်လှန်ရေးအဖွဲ့တွေ တက်ရောက်တာ၊ သဝဏ်လွှာပေးပို့တာတွေ လုပ်ခဲ့ကြပါတယ်။
 
ဒီမိုကရေစီရေးအတွက် ကြိုးပမ်းခဲ့ကြသူအပေါင်းရဲ့ မျက်နှာကို ငဲ့ကွက်ပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးမှာ မဖောက်ပြန်ဖို့ လိုသလို လူထုနဲ့ လက်တွဲမဖြုတ်ဘဲ လူထုတော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက်ချီတက်မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကအဲဒီအခမ်းအနားမှာ ပြောခဲ့ပါတယ်။
 
NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ကနေတဆင့် ပေါက်ဖွားလာတဲ့ ပါတီဖြစ်တာနဲ့အညီ ပြည်သူ့အကျိုးအတွက် ပြည်သူနဲ့ အမြဲအတူ ရပ်တည်ဖို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထားတယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – NUG/MOD