သြဂုတ်၊ ၅
ထိုင်းနိုင်ငံမှာ ရထားနဲ့ ထရပ်ကားတစီး တိုက်မိရာက လူ ၈ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
ဩဂုတ် ၄ ရက်က ထိုင်းနိုင်ငံ အလယ်ပိုင်းက ချာချွန်ဆို ဒေသမှာ ပစ်ကပ် ထရပ်ကား တစီးဟာ ရထားလာနေလို့ တားမြစ်ထားတဲ့အချိန် ရထားလမ်းကို ဖြတ်မောင်းရာက ကုန်တင်ရထားနဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ဘန်ကောက်မြို့တော် အရှေ့ပိုင်းက ဖြစ်စဉ်မှာ ရထား မောင်းနှင်သူဟာ ထရပ်ကားက အဆင်ခြင်မဲ့ ချဉ်းကပ်လာတာကို လှမ်းမြင်တာကြောင့် အချက်ပေး ဥဩသံတွေ အကြိမ်ကြိမ် ပေးခဲ့ပေမယ့် ဖြစ်ရပ်ဆိုးကို မရှောင်လွှဲနိုင်ခဲ့ဘူးလို့ မျက်မြင်တွေက ပြောပါတယ်။
ထိုင်းရထားပို့ဆောင်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ အခု ဆိုးရွားတဲ့ ယာဉ်တိုက်မှုမှာ ပါဝင် ပတ်သက်ခဲ့တဲ့ ရထားဟာ ငါးတွေနဲ့ တခြား ကုန်ပစ္စည်း တချို့ကို တင်ဆောင် ခုတ်မောင်းလာခဲ့တာလို့ သိရပါတယ်။
စုံစမ်း သိရှိထားသမျှ အချက်အလက်တွေအရ ရထားမောင်းသူဟာ သတ်မှတ်စံနှုန်းတွေနဲ့အညီ ၃ ကြိမ် ဥဩဆွဲပြီး သတိပေးခဲ့ကြောင်း၊ ဒါပေမဲ့ ထရပ်ကားနဲ့ အရမ်းနီးနေနှင့်ပြီး ဖြစ်တာကြောင့် ရထားကို အချိန်မီ မရပ်နိုင်ခဲ့ကြောင်း အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရထားနဲ့ ထရပ်ကား တိုက်မိမှုမှာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ဆေးရုံမှာ အခြေအနေ စိုးရိမ်ရသူ ၁ ဦးအပါအဝင် နောက်ထပ် ၄ ဦး ဒဏ်ရာတွေ ရခဲ့ပါတယ်။ ပစ်ကပ် ထရပ်ကား နောက်ခန်းပေါ်မှာ လူတွေ စီးနင်းလိုက်ပါလာလို့လည်း ထိခိုက် သေပျောက်မှု များပြားခဲ့တာပါ။
အသက် ၂၀ အရွယ် လူငယ် တဦးကတော့ ရထားနဲ့ တိုက်မိခါနီးမှာ ထရပ်ကားပေါ်ကနေ ခုန်ချလို့ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။ သူက ရထားကို သတိထားမိချိန်မှာ မီတာ နည်းနည်းလောက် အကွာထိ နီးကပ်နေပြီလို့ ပြောပြခဲ့ပါတယ်။
ထိုင်းမှာတော့ ထိခိုက်သေကြေမှု များပြားတဲ့ ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိသလို ထိုင်းအဝေးပြေး လမ်းတွေဟာ ကမ္ဘာပေါ်မှာ သေပျောက်နှုန်း အမြင့်ဆုံး စာရင်းဝင်အဖြစ် နာမည်ဆိုး ထွက်ပါတယ်။ ကားတွေက အလွန်အကျွံ အရှိန်တင်မောင်းတာ၊ ယာဉ်မောင်းတွေ မူးယစ်သောက်စားတာ၊ စည်းကမ်းလိုက်နာမှု အားနည်းတာတွေက အဲဒီလို ဖြစ်ရပ်ဆိုးတွေရဲ့ အဓိက အကြောင်းတရားတွေ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတုန်းကလည်း ကုန်တင်ရထား တစီးနဲ့ ဘုရားဖူး ဧည့်သည်တွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတစီး တိုက်မိရာက စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ဖူးပါတယ်။