ဘောလုံးမယ် တဦးအပေါ် အမြတ်ထုတ်ခဲ့တယ်ဆိုတဲ့ ဇမ်ဘီယာ နည်းပြချုပ်ကို စုံစမ်းစစ်ဆေးမယ်လို့ ဖီဖာကြေညာ

 သြဂုတ်၊ ၅

မဖွယ်မရာ အသားယူ အမြတ်ထုတ်ခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဇမ်ဘီယာ အမျိုးသမီး လက်ရွေးစင် အသင်း နည်းပြချုပ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က စုံစမ်း စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ဇမ်ဘီယာ လက်ရှိ ကျင်းပနေပြီး ဩစတြေးလျနဲ့ နယူးဇီလန်တို့က အိမ်ရှင်အဖြစ် တာဝန်ယူထားတဲ့ အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်နေပါတယ်။ ဇမ်ဘီယာ နည်းပြချုပ် ဘရုစ် မွာပီဟာ မနှစ်တုန်းက သူ့ရဲ့ လက်ရွေးစင် အသင်းက အမျိုးသမီး ဘောလုံးမယ် တဦးရဲ့ ရင်ဘတ်ကို လက်နဲ့ထိကိုင် အသားယူခဲ့တယ်လို့ Guardian သတင်းစာက အခုသီတင်းပတ်မှာ ဖော်ပြခဲ့ပါတယ်။

ကော်စတာရီကာနဲ့ အုပ်စုနောက်ဆုံးပွဲစဉ် ယှဉ်ပြိုင် ကစားဖို့ ၂ ရက်အလိုမှာ ဇမ်ဘီယာအသင်း နည်းပြချုပ်နဲ့ ပတ်သက်လို့ အခု စွပ်စွဲချက်မျိုး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 ဖီဖာရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တဦးက လက်ရှိ ထွက်ပေါ်နေတဲ့ စွပ်စွဲချက်တွေကို ဖီဖာ အနေနဲ့ အလေးအနက် သဘောထား ကိုင်တွယ်မှာဖြစ်ပြီး ဘောလုံး အားကစားမှာ အမျိုးသမီးတွေအပေါ် မဖွယ်မရာ အမြတ်ထုတ်တဲ့ ဘယ်လို ကိစ္စမျိုးကိုမှ လက်သင့်ခံသွားမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

 ဖီဖာက မွာပီအပေါ် စွပ်စွဲချက်ကို လက်ခံရရှိထားပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့လည်း အဲဒီ ပြောရေးဆိုခွင့်ရ အရာရှိက အတည်ပြုသွားပါတယ်။

 ဇမ်ဘီယာ ဘောလုံးအဖွဲ့ချုပ်ဟာ မနှစ်က စက်တင်ဘာလတုန်းက အမျိုးသမီး လက်ရွေးစင် အသင်းမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဖီဖာဆီ ဖြေရှင်း အစီရင်ခံမှုတခု ပေးပို့ခဲ့ပြီး အဲဒီတုန်းက စစ်ဆေးခံရသူတွေထဲမှာ မွာပီလည်း ပါဝင်ခဲ့တယ်လို့ Guardianက ဖော်ပြပါတယ်။

မွာပီကတော့ သူဟာ ဘယ်လို အမှားအယွင်းမျိုးမှ ကျူးလွန်မထားဘူးလို့ ငြင်းဆိုထားပါတယ်။ သူဟာ ၂၀၁၈ ခုနှစ် ကတည်းက ဇမ်ဘီယာ အမျိုးသမီး လက်ရွေးစင် အသင်းရဲ့ နည်းပြချုပ် အနေနဲ့ တာဝန်ထမ်းဆောင်နေခဲ့တာ ဖြစ်ပါတယ်။