သြဂုတ်၊ ၄
မကွေးတိုင်း၊ ချောက်မြို့နယ် အတွင်းက ကျေးရွာတွေမှာ လယ်ယာသုံးနွားတွေ ကူးစက်မြန်အရေပြားရောဂါ ဖြစ်နေကြပြီး သေဆုံးတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်း ကျေးရွာတွေက ခိုင်းနွားတွေမှာ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက အဲဒီရောဂါ ကူးစက်နေကြတာဖြစ်ပြီး ရောဂါပြင်းထန်တဲ့ နွားတွေဟာ တပတ်ကနေ ရက်နှစ်ဆယ်လောက်အတွင်း သေဆုံးကြတယ်လို့ ချောက်မြို့နယ်တောင်ဘက်ခြမ်းက ဒေသခံတဦးက DNA ကိုပြောပါတယ်။
“ ရောဂါ စဖြစ်လာရင် အရေပြားပေါ်မှာ အဖုအပိန့်တွေ အများကြီးထွက်လာတယ်၊ ရောဂါပြင်းထန်တဲ့ နွားတွေကတော့ သေကုန်တယ်၊ အချို့လည်း သက်သာသွားတာတွေ ရှိတယ်၊ရောဂါပြင်းထန်နေတဲ့ နွားတွေလည်း ရှိနေသေးတယ်၊ ကျွန်တော့်အိမ်မှာလည်း နွားငါးကောင် အဲဒီရောဂါဖြစ်လို့ ကုနေရတယ် ” လို့ အဲဒီဒေသခံက ပြောပါတယ်။
သရက်ပင်၊ ကင်ပွန်းချုံ၊ ကုတိုင်၊ ထိန်စိမ်း၊ ဝသဲစမ်း၊ ကန်ရေ၊ ကြံကန်၊ ရွာမ၊ ကူဖြူ၊ ညောင်ဇင် စတဲ့ ချောက်မြို့နယ်တောင်ပိုင်း ကျေးရွာတွေဘက်က နွားတွေမှာ အဲဒီကူးစက်ရောဂါတွေ ဖြစ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ နွားတွေ ကူးစက်ရောဂါဖြစ်နေတဲ့ ဒေသတွင်း ကျေးရွာတရွာမှာ နေထိုင်တဲ့ တောင်သူတဦးကတော့ သူတို့တရွာတည်းမှာတင် ရောဂါကြောင့် သေဆုံးသွားတဲ့ နွား ဆယ်ကောင်လောက်ရှိနေပြီလို့ ပြောပါတယ်။
ကုသမှုအပိုင်းမှာတော့ စစ်ကောင်စီလက်အောက်ခံ မွေးမြူရေးနဲ့ ကုသရေးဌာနကို အကြောင်းကြားဖို့လည်း အခက်အခဲတွေ ရှိတာကြောင့် နီးစပ်ရာ တိရိစ္ဆာန်ဆရာဝန်တွေနဲ့ပဲ ကုသနေရတယ်လို့လည်း ဆိုပါတယ်။
“ ဌာနကို သွားတင်ပြလည်း အခုလိုအခြေအနေမှာ အကူအညီရဖို့က မလွယ်ဘူးလေ၊ သူတို့လာရင်လည်း ရဲတွေ စစ်သားတွေ ပါလာရင် ထွက်ပြေးနေရဦးမှာ၊ ဒါကြောင့် နီးစပ်ရာ တိကုဆရာဝန်တွေနဲ့ပဲ ကုနေကြတယ်၊ ကုသတဲ့ ကုန်ကျစရိတ်ကတော့ ကျပ်နှစ်သောင်းကနေ တသိန်းကျော်အထိ ကုန်တယ် ” လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။
မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ မှတ်တမ်းတွေအရတော့ အဲ့ဒီရောဂါကို ကျွဲ၊ နွားတွေမှာ ဖြစ်တတ်တဲ့ အရေပြားအကျိတ်နာရောဂါလို့ ဖော်ပြထားပါတယ်။ မှက်၊ ခြင်၊ ယင်၊ မွှား စတဲ့ အင်းဆက်တွေကနေတဆင့် ကူးစက်နိုင်တဲ့ ဗိုင်းရပ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီရောဂါဟာ အာဖရိကနိုင်ငံတွေမှာ စတင်ပေါ်ပေါက်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဝန်းကျင်မှာ မြန်မာနိုင်ငံမှာလည်း စတင်ဖြစ်ပွားလာတယ်လို့ တိရစ္ဆာန်ဆေးကု ဆရာဝန်တဦးက လူမှုကွန်ယက်မှာ ရေးသားရှင်းလင်းထားပါတယ်။
ရောဂါဖြစ်နေတဲ့ တိရိစ္ဆာန်ရဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့ အရည်ကတဆင့်ဖြစ်စေ၊ သန်း၊ လှေး၊ မွှား၊ မှက်၊ ခြင်၊ ယင် တို့က တဆင့်ဖြစ်စေ ဆက်လက်ကူးစက်နိုင်တယ်လို့လည်း ဆိုပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ အထင်ရှားဆုံးအချက်အဖြစ် တကိုယ်လုံးမှာ အဖုအပိန့်တွေ ထွက်လာတတ်ပြီး၊ အဖျားတက်တာ၊ ခန္ဓာကိုယ်က အနာရည်တွေ ထွက်ကျတာ၊ ကိုယ်တွင်းအကြိတ်တွေ ရောင်ယမ်းတာ၊ နှာရည်ကျတာ၊ အလွန်အမင်း သွားရည်ကျတာ၊ အစားပျက်တာ၊ စားမြုံ့မပြန်တော့တာ၊ ပိန်ချုံးချိနဲ့လာတာ စတဲ့အခြေအနေတွေကို တွေ့ရနိုင်တယ်လို့ ဆိုပါတယ်။
ဒီရောဂါကြောင့် တိရစ္ဆာန်တွေ သေဆုံးမှုနှုန်း နည်းပေမယ့် စနစ်တကျ မပြုစုနိုင်ရင်တော့ သေဆုံးနှုန်းများတယ်လို့ တိရစ္ဆာန်ကု ဆရာဝန်တဦးက ရှင်းပြထားပါတယ်။
အဲ့ဒီကူးစက်မြန်ရောဂါဟာ တိရစ္ဆာန်ကတဆင့် လူကို ကူးစက်နိုင်တာမ တွေ့ရပေမယ့် ရောဂါဖြစ်နေတဲ့ တိရစ္ဆာန်ကို ကိုင်တွယ်မယ်ဆိုရင် လုံခြုံတဲ့ အဝတ်အစားကို ဝတ်ဆင်တာ၊ Mask တပ်ဆင်ပြီး လက်အိတ်ဝတ်ဆင်တာ၊ အသုံးပြုပြီးတဲ့ ပစ္စည်းတွေကို စနစ်တကျ စွန့်ပစ်တာ၊ လက်ဆေးတာ၊ ရေချိုးသန့်စင်တာ စတာတွေကို လုပ်ဆောင်ဖို့ လိုအပ်သလို ရောဂါကြောင့် သေဆုံးသွားတဲ့ တိရစ္ဆာန်ရဲ့ အသားကိုလည်း မစားသုံးတာ အကောင်းဆုံးဖြစ်တယ်လို့ နောက်ထပ် တိရိစ္ဆာန်ကု ဆရာဝန်တဦးကလည်း အကြံပြုထားပါတယ်။
ရောဂါကူးစက်မှုကို ထိန်းချုပ် ဟန့်တားနိုင်ဖို့အတွက် နာမကျန်း ကျွဲနွားတွေကို တခြား ကျွဲနွားတွေနဲ့အတူ ရောနှောမထားဖို့၊ ကျွဲ၊ နွားမွေးမြူရေးခြံတွေကို ပိုးသတ်သန့်စင်မှု လုပ်ဖို့၊ ရောဂါပိုး သယ်ဆောင်နိုင်တဲ့ အင်းဆက်ပိုးမွှားတွေကို ထိန်းချုပ်ဖို့၊ ဆေးထိုးအပ်နဲ့ ခြံအသုံးအဆောင်တွေကို မျှဝေသုံးစွဲမှု မလုပ်ဖို့ မွေးမြူရေးနဲ့ ကုသရေးဌာနက တိုက်တွန်းထား တာ တွေ့ရပါတယ်။
ဓာတ်ပုံ – CJ