တိမ်းရှောင်နေရတဲ့ ပုသိမ်က ပရဟိတသမားတဦးရဲ့ ဇနီးဟောင်း နေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

သြဂုတ်၊ ၄
 
ဖမ်းဝရမ်း ထုတ်ခံထားရလို့ တိမ်းရှောင်နေရတဲ့ ပုသိမ်မြို့က ပရဟိတသမားတဦးရဲ့ ဇနီးဟောင်းရဲ့နေအိမ်ကို စစ်ကောင်စီက ဒီကနေ့ နေ့လယ်ပိုင်းမှာ ချိပ်ပိတ်သွားတယ်လို့ ပုသိမ်မြို့ခံတွေက DNA ကိုပြောပါတယ်။
 
ပုသိမ်မြို့ တဖက်ကမ်း အမှတ်(၁၀) ရပ်ကွက်က အဖြူရောင် ပရဟိတအသင်း ခေါင်းဆောင်ဖြစ်သလို NLD ပါတီ ဝန်းရံသူတဦးလည်းဖြစ်တဲ့ ဦးသန်းမြင့် ကိုစစ်ကောင်စီက ဖမ်းမမိတာကြောင့် အမှတ်(၁၀) ရပ်ကွက် ပိတောက်ချောင်း အရပ်ရှိ ဇနီးဟောင်းရဲ့နေအိမ်ကို လာရောက် ချိပ်ပိတ်သွားတာလို့ ဆိုပါတယ်။
 
“ ဦးလေး (ဦးသန်းမြင့်) နဲ့ သူမိန်းမက ကွဲနေတာကြာပါပြီဗျာ၊ တစ်အိမ်တည်း အတူနေကြတာလည်း မဟုတ်ဘူး၊ အဲဒါ စစ်တပ်နဲ့ ရဲတွေ၊ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ ရောက်လာပြီး ဒီနေ့ နေ့လယ်ပိုင်းကပဲ ဦးသန်းမြင့် မိန်းမရဲ့ အိမ်ကို ချိပ်ပိတ် လိုက်တာ ” လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
 
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဒီကနေ့မှာ နေအိမ်ကို ချိပ်ပိတ်လိုက်သလို နေအိမ်ပေါ် နေထိုင်သူတွေကို ချက်ခြင်းဖယ်ရှားခိုင်းတာကြောင့် ဦးသန်းမြင့်ရဲ့ဇနီးဟောင်းနဲ့ အတူနေ မိသားစု ဟာ နီးစပ်ရာ ဆွေမျိုးသားချင်း နေအိမ်ကို ယာယီပြောင်းရွေ့ နေထိုင်ကြရတယ်လို့ သိရပါတယ်။
 
ဦးသန်းမြင့်ဟာ ရပ်ရေး၊ ရွာရေးကို လူငယ်ဘဝကတည်း ဦးဆောင်လုပ်ခဲ့သူ ဖြစ်ပြီး ပါတီ နိုင်ငံရေးသမား မဟုတ်ပေမယ့် ရွာရပ်မှာတော့ ဒီချုပ်ပါတီကို ဝန်းရံသူတဦး ဖြစ်ခဲ့ကာ ဇနီးဖြစ်သူနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကတည်းက ကွာရှင်းပြတ်စဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဦးသန်းမြင့်ကို ဖမ်းဆီးဖို့ ကြိုးစားတာကြောင့် တိမ်းရှောင်နေတာ နှစ်နှစ်ကျော်ရှိပြီလို့လည်း သိရပါတယ်။ ဦးသန်းမြင့်ဟာ ရှစ်လေးလုံးကာလက ဖမ်းဆီးထောင်ချခံရဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်တယ်လို့လည်း သိရပါတယ်။
 
“ စစ်ကောင်စီဟာ ဆန့်ကျင်ဘက် နိုင်ငံရေးသမားတွေရဲ့ မိသားစု နေအိမ်တွေကို ချိပ်ပိတ်ပြီး သူတို့အလိုရှိတဲ့သူကို ဖမ်းမိဖို့ ကြိုးစားတာဟာ ဥပဒေနဲ့ မညီညွှတ်ဘူး၊ အကျပ်ကိုင် ထောင်ချောက်ဆင်တာ၊ ဒါမျိုးက ဓါးပြတွေ အကြမ်းဖက်တွေရဲ့ လုပ်ရပ်ပါ ” လို့ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေတဦးက မှတ်ချက်ပြုပါတယ်။
 
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လ အတွင်းကလည်း အခုချိပ်ပိတ်လိုက်တဲ့ အိမ်ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက် စီးနင်းရှာဖွေကာ ဦးသန်းမြင့်ရဲ့ဇနီးဟောင်းနဲ့ သမီးဖြစ်သူကို ဖမ်းဆီးချုပ်နှောင်ပြီး ဦးသန်းမြင့် လာရောက်အဖမ်းခံဖို့ အကျပ်ကိုင်ခဲ့ပါသေးတယ်။
 
ဒါပေမယ့် တလလောက်ကြာတဲ့အထိ ဦးသန်းမြင့်ရောက်မလာတဲ့နောက် ဖမ်းဆီးထားသူနှစ်ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ ထင်ရှားသူတချို့ကို ပုဒ်မအမျိုးမျိုး တပ်ပြီး ဖမ်းဝရမ်းထုတ် ဖမ်းဆီးတဲ့အပြင် မိသားစုဝင်တွေနဲ့ အကျပ်ကိုင် အဖမ်းခံခိုင်းတာ၊ မိသားစုတွေရဲ့ အိမ်၊ ခြံ၊ မြေ၊ အခမဲ့ဆေးခန်း၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ အရက်ဆိုင်၊ ကား၊ ပရဟိတရုံး တို့ကို ချိပ်ပိတ်သိမ်းဆည်းတာဟာ ပုသိမ်မြို့ တမြို့တည်းမှာပဲ ၁၅ နေရာထက်မနည်း ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။
 
အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ နေအိမ်အပါအဝင် ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်းခံရသူ ၆၂၅ ဦးအထိ ရှိပြီး အဲ့ဒီအထဲမှာ NLD ပါတီဝင် ၃၃၃ ဦး ပါဝင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြီးခဲ့တဲ့ ဇွန်လအတွင်း ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Social Media