စစ်တပ်ဖမ်းသွားတဲ့ ပုလဲနယ်က ကျေးရွာပကဖခေါင်းဆောင် အလောင်းသာပြန်တွေ့

သြဂုတ်၊ ၃
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တနယ်ကျေးရွာက ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသ_တ်ဖြတ်သွားတယ်လို့ အဲဒီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ကိုဇော်ထက်က DNA ကိုပြောပါတယ်။
 
ပုလဲမြို့နယ်၊ အင်မထီးရွာ ပျူစောထီးစခန်း က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြို့တောင်ဘက်ခြမ်းက တနယ်ရွာကို မနေ့က မနက် ငါးနာရီလောက်မှာ ဝင်ရောက်စီးနင်း ခဲ့တာဖြစ်ပြီး ကင်းစောင့်နေတဲ့ ကျေးရွာပကဖ ခေါင်းဆောင်ကို ဖမ်းမိသွားတာလို့ သူကပြောပါတယ်။
 
“ တနယ်ကင်းကို ဝင်စီးတာပေါ့နော်၊ ကင်းစောင့်ကလေးတွေက လွတ်ခဲ့တယ်၊ ကျေးရွာပကဖတာဝန်ခံ မိပြီး သတ်ခံလိုက်ရတာ၊ သူတို့က ပုလဲနယ်ကို စစ်ကြောင်းလာထိုးတာ မဟုတ်ဘူးဗျ၊ ကန်ဒေါင့်နယ်မြေရဲစခန်းက ဝန်ထမ်းအရွေ့အပြောင်း လေးဦးရှိတယ် ဒီဝန်ထမ်းတွေကို သူတို့ကျတဲ့ နေရာကို သွားဖို့ လာခေါ်တာ ” လို့ ကိုဇော်ထက်က ရှင်းပြပါတယ်။
 
ကျေးရွာ ပကဖ ခေါင်းဆောင်ကို ဖမ်းမိခဲ့ပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ မနက်အစောပိုင်းအထိ တနယ်ကျေးရွာအတွင်း တရက်ကြာ တပ်စွဲခဲ့ပါသေးတယ်။
 
စစ်ကြောင်းပြန်ထွက်သွားပြီးနောက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရာမှာ ညှင်းပန်းနှိပ်စက်ခံထားရပြီး လ_ည်လှီးခံထားရတဲ့ အခြေအနေနဲ့ ကျေးရွာပကဖ ခေါင်းဆောင် ရုပ်အလောင်းကို ပြန်တွေ့ခဲ့တာလို့ သိရပါတယ်။
 
မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချူပ် ကလာတဲ့ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့မနက် လေးနာရီဝန်းကျင် တနယ်ကျေးရွာက ပြန်မထွက်ခင်မှာ ကျေးရွာအတွင်းက နေအိမ်ကိုးလုံးနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အသုံးပြုနေတဲ့ ဆိုင်ကယ် ၁၂ စီးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ကိုဇော်ထက်က ပြောပါတယ်။
 
တနယ်ကျေးရွာထဲ စစ်ကောင်စီက စီးနင်းတပ်စွဲခဲ့တာကြောင့် အဲဒီရွာခံတွေအပါအဝင် အနီးတဝိုက်နဲ့ စစ်ကြောင်းသွားတဲ့ လမ်းတလျှောက် ၁၅ ရွာလောက်က ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
လက်ရှိမှာတော့ အဲ့ဒီစစ်ကြောင်းဟာ ပုလဲမြို့နယ် အနောက်ခြမ်းက မင်းတိုင်ပင်ရွာ ဘက်ကို ရောက်နေတယ်လို့ ကိုဇော်ထက်က ပြောပါတယ်။
 
” ကြည့်ရတာတော့ သူတို့ ပြန်ဆုတ်ရင် တနယ်ကို မီးရှို့ခဲ့တာထင်တယ်၊ အင်မထီးရွာ ဖက်ကို သူတို့ပြန်ဆုတ်တယ်၊ ပုလဲတော့ ဝင်ချင်မှ ဝင်မယ်၊ မုံရွာဖက်ကို ပြန်မယ်ထင်တယ် “ လို့ သူကပြောပါတယ်။
 
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးသွားပြီးမှ သတ်ဖြတ်ခံရတာ၊ ညှင်းပန်းနှိပ်စက်ခံရတာနဲ့ ဆေးကုသခွင့်မရတာ စတဲ့အကြောင်းအမျိုးကြောင့် သေဆုံးသူ ၁၂၀၀ ဝန်းကျင် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ AAPP ရဲ့အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။