ဒီးမော့ဆို-ဖရူဆိုလမ်းပေါ်မှာစစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေ

သြဂုတ်၊ ၂

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆို- ဖရူဆို လမ်းမကြီးပေါ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ ဒီ ကနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲဖြစ်နေတာကြောင့် အဲ့ဒီလမ်းမပေါ်က ဒေါညေးခူ-ထီးပေါ်ဆိုလမ်းပိုင်းကို ယာယီ အသုံးပြုခွင့်ပိတ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က အသိပေးထားပါတယ်။

“ဒေါညေးခူးနဲ့ ထီးပေါ်ဆိုကတော့ ကပ်လျက်ပါပဲ၊ ရွာချင်းဆက် လမ်းတွေပဲဖြစ်တယ်,ဒါပေမယ့် စစ်ကောင်စီ စစ် ကြောင်းထိုးလာနိုင်တဲ့ အနေအထားမျိုးဖြစ်နေတဲ့အတွက် ယာယီပိတ်ထားတဲ့သဘောမျိုးဖြစ်ပါတယ်” လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

နှစ်ဘက် တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

 ဒီးမော့ဆိုဘက်ကနေ ဖရူဆိုဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်နီပူးပေါင်းတပ် တွေ ဒီးမော့ဆို-ဖရူဆို ကားလမ်းမကြီးတလျှောက် တိုက်ပွဲဖြစ်နေတာကြောင့် အခုလို ဖြတ်သန်းခွင့်ပိတ်ပင်တာလို့ ဆိုပါတယ်။

“ဒီးမော့ဆို-ဖရူဆိုလမ်းကတော့ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ပိတ်ထားတဲ့လမ်းတွေပဲဖြစ်တယ်၊အဲဒါတွေကတော့ တိုက်ပွဲတွေ စဖြစ်ကတည်းက ပိတ်ထားတဲ့ အနေအထားဖြစ်ပါတယ်” လို့ အဆိုပါသတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိ သူက ပြောပါတယ်။

ဒေါညေးခူးနဲ့ ထီးပေါ်ဆိုရွာတွေဟာ ဒီးမော့ဆို-ဖရူဆိုမြို့နှစ်မြို့ကြား ကားလမ်းမကြီးပေါ်မှာပဲ ရှိတာဖြစ်ပေမယ့် အရင်ကတော့ ဖြတ်သန်းသွားလာခွင့်ပြုထားတယ်လို့ သိရပါတယ်။

အလားတူပဲ စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိလာတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်ကနေ ၂၈ ရက်အထိ လွိုင်ကော်-မိုးဗြဲ လမ်းမကြီးနဲ့ လွိုင်ကော်-ဆီဆိုင် လမ်းမကြီးကိုလည်း KNDF က ယာယီအသုံးပြုခွင့် ပိတ်ထားခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကရင်နီပြည်နယ်ထဲကို ရှမ်းပြည်နယ်၊ ဖယ်ခုံဘက်ကနေတဆင့် ဇူလိုင်လ နောက် ဆုံးအပတ်က အင်အားထောင်ချီဖြည့်တင်းလာခဲ့ပြီး လမ်းတလျှောက် ကရင်နီပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ တွေဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ နဲ့ ၂၅ ရက်နေ့တွေမှာတော့ စစ်ကြောင်းထိုး အင်အားဖြည့်တင်းလာတဲ့ အဲဒီစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို လွိုင်ကော်မြို့အနီး ကရင်နီပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က နှစ်ဆယ်ထက်မနည်း သေဆုံးခဲ့သလို သေနတ်မျိုးစုံရှစ်လက်ကိုလည်း ကရင်နီတပ်တွေ သိမ်းဆည်းရမိ ခဲ့ပါ သေးတယ်။