အာဇာနည်နေ့အထိမ်းအမှတ် လုပ်လို့ဆိုကာ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦး တိုက်ပိတ်ခံထားရ

သြဂုတ်၊ ၂
 
ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်တွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်က အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ထောင်တွင်းလှုပ်ရှားမှု လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦး တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် အဖွဲ့ဝင် ကိုသိုက်ထွန်းဦးက DNA ကိုပြောပါတယ်။
 
“ သတင်းတွေကို ပိတ်ထားတော့ ကျွန်တော်တို့ သိခွင့်မရကြဘူး၊ မနေ့က လွတ်ငြိမ်းတွေရှိတော့ အခုပြန်သိရတယ်၊ အကျဉ်းသူ ၁၅ ဦးကို အခုအထိ တိုက်ပိတ်ထားတယ်ပေါ့။ သူတို့ အကြောင်းပြတာကတော့ ၁၉ ဇူလိုင်နေ့ကို အထိမ်းအမှတ်လှုပ်ရှားမှု လုပ်လို့ဆိုပြီး ပိတ်တာ ” လို့ သူကပြောပါတယ်။
 
သာယာဝတီအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသူတွေဟာ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဖဲကြိုးအနက်ရောင်ကို ရင်ဘတ်မှာ ချိတ်ဆွဲတပ်ဆင်ပြီး ထောင်တွင်း လှုပ်ရှားမှု လုပ်ခဲ့ကြတာလို့ သိရပါတယ်။
 
အဲဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသူ မနှင်းလဲ့နန္ဒာလွင်၊ မရွှန်းအိဖြူ၊ မနီလာစိမ်း၊ မဆုရည်ပိုင်၊ မဝတ်ရည်လွင်၊ မအေးသီတာကျော်၊ မရီရီဆွေ၊ မလွင်လွင်ညွှန်၊ မစန္ဒီညွန့်ဝင်း၊ မအေးသက်စံ၊ မရွှေရည်ညွန့်၊ မယမင်းထက်၊ မထူးထက်ထက်ဝေ၊ မမျိုးသန္တာထွန်း၊ မမိုးမြတ်သဇင် တို့ကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်အရေးယူထားတာပါ။
 
တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲဆို ထောင်ချခံထားရသူတွေဖြစ်ကာ အများစုက ထောင်ဒဏ် ခြောက်နှစ်နဲ့အထက် ကျခံနေရသူတွေ ဖြစ်သလို တသက်တကျွန်း ကျခံနေရသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
 
“ အရှေ့မှာတော့ စစ်ကောင်စီက မျက်နှာဖုံးက မင်းသားခေါင်းဆောင်ထားပေမယ့် အကျဉ်းထောင်ထဲမှာတော့ သူတို့ ဘီလူးရုပ်ကို ပြနေတာပေါ့၊ ဒီလိုမျိုး ဖိနှိပ်တာကို လုံးဝလက်မခံဘူး ” လို့ ကိုသိုက်ထွန်းဦး က ဆိုပါတယ်။
 
အဲဒီနိုင်ငံရေးအကျဥ်းသူ ၁၅ ဦးကို အကျဉ်းထောင်မှာ တိုက်ပိတ်ထားတဲ့အပြင် ရိုက်နှက်နှိပ်စက်တာတွေနဲ့ ထောင်ဝင်စာ ပါဆယ်ပေးပို့ခွင့်ကိုလည်း စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနက ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
 
“ အာဇာနည်နေ့သော်လည်းကောင်း ၇ ဇူလိုင်သော်လည်း ၈ ရက် ၈ လနေ့တွေမှာ နိုင်ငံရေး အကျဉ်းသား၊ သူတွေက ထောင်ထဲမှာ ကမ်ပိန်းတွေ သပိတ်တွေ လုပ်ဖြစ်ကြတယ်၊ အကြမ်းမဖက်ဘူး ဆန္ဒမပြဘူး ထောင်မဆူပဲနဲ့ လှုပ်ရှားမှု လုပ်တယ်၊ တနိုင်ငံလုံးလည်း ဒီလိုနေ့တွေဆို အခမ်းအနားတွေ လုပ်နေကြတာပဲလေ၊ ဒါပေမယ့် အကျဉ်းထောင်ကကျတော့ ဒါတွေကို အကြောင်းပြပြီး အခုလို ဖိနှိပ်တာတွေ လုပ်တယ် ” လို့ ကိုသိုက်ထွန်းဦး က ဆိုပါတယ်။
 
အခုလို အကျဉ်းသားတွေကို တိုက်ပိတ်ထားတာနဲ့ ပက်သက်ပြီး သာယာဝတ်ီထောင်အတွင်းမှာ ကျန်ရှိနေတဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်းဈေးဘားမှာ ဈေးမဝယ်ဘဲ ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
 
နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေက အခုလိုပဲ ဖိနှိပ်ရက်စက်မှုတွေအပြင် အကျဉ်းထောင်ပြင်ပကို ခေါ်ယူသတ်ဖြတ်တာတွေလည်း ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေက ပြောထားပါတယ်။
 
ပဲခူးတိုင်း ကျိုက်စကောအကျဉ်းထောင်မှာလည်း ပြီးခဲ့တဲ့ မေလအတွင်း ထောင်ပြောင်းရွှေ့ဖို့ဆိုပြီး ခေါ်သွားခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးပြီလို့ စစ်ကောင်စီက မိသားစုဝင်တွေဆီကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း အကြောင်းကြားစာတွေ ဆက်တိုက်ပို့ခဲ့ပါတယ်။
 
စစ်ကောင်စီဟာ ထောင်ပြောင်းရွှေ့မယ်လို့ဆိုကာ အဲ့ဒီနိုင်ငံရေးအကျဉ်းသားတွေကို ခေါ်ထုတ်သွားခဲ့ပြီးနောက် အချုပ်ကားမှောက်ချိန်မှာ ထွက်ပြေးကြတာကြောင့် ပစ်ခတ်ဖမ်းဆီးရာက သေဆုံးသွားတာလို့ မိသားစုဝင်တွေဆီ ပေးပို့တဲ့အကြောင်းကြားစာတွေမှာ ဖော်ပြထားပါတယ်။
 
ကျိုက်စကောထောင်ကနေ ခေါ်ထုတ်သွားခံရပြီးနောက် သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးအထိ ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသား အဖွဲ့အစည်းတွေက အတည်ပြုထားပါတယ်။
 
ဓာတ်ပုံ – Google