စစ်ကောင်စီနဲ့ အာဆီယံ တနိုင်ငံချင်း သီးခြား ညှိနှိုင်းသင့်တယ်ဆိုတဲ့ မလေးရှား ဝန်ကြီးချုပ် မှတ်ချက်ကို APHR စိုးရိမ်တကြီး တုံ့ပြန်

ဩဂုတ် ၁

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံ အသိုက်အဝန်း တခုလုံးကို ကိုယ်စားမပြုဘဲ တနိုင်ငံချင်းစီ အနေနဲ့ အာဏာသိမ်း စစ်ကောင်စီကို ထိတွေ့ ဆက်ဆံသင့်ကြောင်း မလေးရှား ဝန်ကြီးချုပ်ရဲ့ မှတ်ချက်ကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (APHR)က စိုးရိမ်တကြီး တုံ့ပြန်ခဲ့ပါတယ်။

 APHRရဲ့ ဥက္ကဋ္ဌ မာစီဘာရန်းစ်က မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ရဲ့ မှတ်ချက်ဟာ အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်ပြုတဲ့ အဓိပ္ပါယ်မျိုးဆီ ဦးတည်သွားနိုင်တာရော၊ အာဆီယံရဲ့ လုပ်ပိုင်ခွင့် ရှုထောင့်ကပါ စိုးရိမ်စရာ ကောင်းလွန်းနေတယ်လို့ ပြောပါတယ်။ APHRဟာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ပတ်သက်ရင် တင်းမာတဲ့ သဘောထားမျိုးကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ဩဂုတ်နဲ့ စက်တင်ဘာ လတွေအတွင်း အာဆီယံရဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေကနေ မြန်မာစစ်တပ်ကို ဖယ်ထုတ်ဖို့လည်း တောင်းဆိုထားပါတယ်။

 ပြီးခဲ့တဲ့ သီတင်းပတ်က မလေးရှား ဝန်ကြီးချုပ် အန်ဝါဟာ ကွာလာလမ်ပူ မြို့တော်မှာ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနဲ့ တွေ့ဆုံတဲ့ အခါမှာ မြန်မာနိုင်ငံ ပဋိပက္ခတွေကို အဖြေရှာဖို့အတွက် အာဆီယံ အဖွဲ့ဝင် နိုင်ငံတခုချင်းစီ ကိုယ်ပိုင်နည်းလမ်းနဲ့ စစ်ကောင်စီကို အလွတ်သဘော တွေ့ဆုံ ဆွေးနွေးတာမျိုး ဖြစ်သင့်တယ်လို့ ပြောကြားခဲ့တာပါ။ ဒါပေမဲ့ အဲဒီလို လုပ်ဆောင်မှုတွေဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ကဏ္ဍကို စတေးတာမျိုး၊ လူနည်းစု တိုင်းရင်းသားတွေအပေါ် မမျှတတဲ့ ဆက်ဆံမှုမျိုး ဖြစ်မသွားအောင်တော့ သတိထား ကိုင်တွယ်သင့်တယ်လို့ အန်ဝါက ပြောခဲ့ပါတယ်။

 စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် အာဆီယံဟာ မြန်မာ့အရေးကို စေ့စပ်ညှိနှိုင်းမှု နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ရည်ရွယ်ပြီး ဘုံသဘောတူညီချက် ၅ ရပ်ကို ဆွေးနွေး အတည်ပြုခဲ့ပေမယ့် စစ်ကောင်စီက လေးစားလိုက်နာဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒီအခြေအနေကို တုံ့ပြန်တဲ့ အနေနဲ့ အာဆီယံရဲ့ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံရေး ကိုယ်စားလှယ် တက်ရောက်ခွင့်ကို ဆိုင်းငံ့ထားဖို့ အာဆီယံက ဆုံးဖြတ်ခဲ့ပါတယ်။

 အန်ဝါရဲ့ သဘောထားဟာ ယေဘုယျ အနေနဲ့ လက်သင့်ခံချင်စရာ ရှိပေမယ့်လည်း ထိုင်းအိမ်စောင့် အစိုးရက အစပြုခဲ့တဲ့ မြန်မာ့အရေး ကိုယ့်သဘောနဲ့ကိုယ် ညှိနှိုင်း ဆွေးနွေးခဲ့တဲ့ ကိစ္စလို အငြင်းပွားစရာ အခြေအနေတွေကို ပိုမို တွန်းအား ပေးလာနိုင်ကြောင်း၊ အကျိုးဆက် အနေနဲ့ အာဆီယံရဲ့ စည်းလုံးညီညွတ်မှု၊ ဒေသတွင်း အရေးကိစ္စတွေအပေါ် ဩဇာ သက်ရောက် လွှမ်းမိုးနိုင်မှုတွေ ထိခိုက်လာစေနိုင်တယ်လို့ ဘာရန်းစ်က ထောက်ပြခဲ့ပါတယ်။

 ဘာရန်းစ်က မလေးရှားလို ဒီမိုကရေစီ အားကောင်းတဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ စစ်ကောင်စီရဲ့ မရိုးမသား လှည့်စားမှုတွေကို နားယောင်ပြီး လိုက်လျောလွယ်တဲ့ မူဝါဒ အပြောင်းအလဲမျိုးတွေ မလုပ်မိကြဖို့လည်း အလေးအနက် တိုက်တွန်းခဲ့ပါတယ်။

 APHRရဲ့ လိုလားချက်ကတော့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကိုင်တွယ် ဖြေရှင်းတဲ့အခါ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ ဦးဆောင်မှု အောက်မှာပဲ တသားတည်း အတူရပ်တည်ရင်း ပိုမို ထိရောက် အားကောင်းတဲ့ တွန်းအားပေးမှုတွေကို အကောင်အထည် ဖော်တာမျိုး ဖြစ်တယ်လို့လည်း အာဆီယံ လွှတ်တော် အမတ်တွေက သဘောထား မှတ်ချက် ပေးထားကြပါတယ်။