ဂန့်ဂေါမြို့နယ်၊ကန်ရွာက ရဲနဲ့စစ်သား ပြည်သူတွေဆီက လုယက်စားသောက်နေ

မကွေးတိုင်း၊ယောဒေသ၊ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းက ရဲနဲ့စစ်သားတွေဟာ ရွာထဲကိုအုပ်စုလိုက်ထွက်လာပြီး ကျေးရွာပြည်သူလူထုဆီကနေ အိမ်မွေးကြက်အပါအဝင် အခြားရိက္ခာနဲ့ ပစ္စည်းတွေကို နေ့စဥ်နဲ့အမျှလုယက်စားသောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မနက်ကြက်တွေနိုးချိန်ဆို သူတို့ထွက်တယ်။ တခါတခါလည်း ညဆယ့်တနာရီလောက်တွေ ထွက်တာမျိုးလည်းရှိတယ်။

ရဲစခန်းနဲ့နီးတဲ့ တောင်တိုက်မှာ လူတွေလည်းမနေကြတော့ဘူး။ ကြက်တွေလည်း သူတို့လိုက်သတ်စားလို့ ကုန်သလောက်ဖြစ်နေပြီ၊ တောင်တိုက်မှာကြက်တွေမရှိတော့ ရွာလယ်ဘက်ကို လိုက်ရှာနေကြတယ်” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

ကန်ရွာရဲစခန်းက ရဲနှင့်စစ်သားတွေဟာ ရွာထဲကနေ သူတို့ဟင်းလျာအတွက် ရွာထဲက ကြက်တွေကို နေ့စဉ်နီးပါးလိုက်သတ်နေသလို လူနေတဲ့အိမ်ကသာမက လူမနေတဲ့အိမ်က လိုချင်တာတွေပါ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” စခန်းထဲမှာ မသေတဲ့ကြက်တွေကို မွေးထားသေးတာ။ အဲဒီကြက်တွေကို ကြွေးဖို့ စပါး၊ဆန်ခွဲကစ တချို့အိမ်တွေကနေ ဝင်ယူသွားကြတာ။ တောင်းယူတာရှိသလို ဘာမပြောပဲယူသွားတာလည်းရှိတယ်” လို့ ရွာခံတဦးက ပြောပါတယ်။

ကန်ရွာ ရဲစခန်းကရဲနှင့် စစ်သားတွေဟာ စစ်အာဏာသိမ်းပြီး မကြာမီကာလကတည်းက ရွာထဲအိမ်တွေက သူတို့လိုတဲ့ပစ္စည်းတွေကို လက်နက်နဲ့ခြမ်းခြောက်ယူဆောင်နေကြတာဟာ အခုချိန်ထိ တနှစ်ကျော်ပြီဖြစ်တယ်လို့ ရွာခံတွေက ဆိုပါတယ်။

” ဆန်၊ရေခဲသတ္တာ၊ အရက်ဆိုင်ဆိုအရက်၊ စျေးဆိုင်ကပစ္စည်းတွေဆိုလည်း ယူခံရတာအများကြီးရှိတယ်” လို့ ရွာခံတခြားတဦးက ပြောပါတယ်။

ကန်ရွာ ရဲစခန်းကရဲနှင့် စစ်သားတွေဟာ ကျေးရွာထဲကိုလာရင် သူတို့ကိုဟောင်တဲ့ ခွေးနဲ့ခွေးရှင်ကိုပါ ခြိမ်းခြောက်တာအစ ညအချိန်မတော် အရက်မူးကာ အိမ်တွေဖွင့်ခိုင်းပြီး စစ်ဆေးတာ၊ လိုတဲ့ပစ္စည်းတွေယူဆောင်သွားတာတွေအဆုံး လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ကန်စခန်းက ရဲနဲ့စစ်သားတွေဟာ ပြီးခဲ့တဲ့လကသူတို့အရက်ဖိုးတောင်းလို့ ပြဿနာဖြစ်ပွားခဲ့တဲ့အိမ်ကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ လထဲမှာ သူတို့ကိုအရက်ဖိုးတောင်းတဲ့အဆိုပါအိမ်က ပစ္စည်းတွေကိုလည်း ရိုက်ခွဲဖျက်ဆီးခဲ့ပါသေးတယ်။

ကန်ရွာရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကလည်း မကြာမကြာတိုက်ခိုက်မူတွေပြုလုပ်နေတယ်လို့ ရွာခံတွေကဆိုပါတယ်။

” ခုမနက် လက်နက်ကြီးနဲ့လာပစ်တယ်။ စခန်းကလည်းပြန်ပစ်တယ်။ အချက်တရာလောက်ရှိမယ်” လို့ ရွာခံတဦးကပြောပါတယ်။

 အခုလထဲမှာပဲ ရွာထဲထွက်တဲ့ရဲတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးကျဲချတိုက်ခိုက်ခဲ့ပါသေးတယ်။ ထိခိုက်မူတော့မရှိဘူးလို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ကန်ရွာနဲ့တောင်ခင်ရန်းရွာနဲ့ ဟံသာဝတီရွာတွေဟာ စစ်ကောင်စီရဲစခန်းရှိတဲ့ရွာတွေဖြစ်ပါတယ်။ 

အဆိုပါကျေးရွာသုံးရွာမှာ ဟံသာဝတီကျေးရွာရဲစခန်းက ရွာခံပျူစောထီးတွေနဲ့ပူးပေါင်းပြီး ဟံသာဝတီရွာခံပြည်သူတွေဆီကနေ ရိက္ခာနဲ့ပိုက်ဆံကောက်ခံတာ၊ အနီးဝန်းကျင်ရွာတွေကိုဝင်ရောက်လုယက်တာတွေနဲ့ စားသောက်နေကြပြီး ကန်ရွာရဲစခန်းကတော့ ကန်ရွာထဲမှာပဲလုယက်စားသောက်နေတယ်လို့ဆိုပါတယ်။

တောင်ခင်ရန်းရွာစခန်းကတော့ ဒေသခံကာကွယ်ရေးတပ်တွေအားကောင်းမူကြောင့် သူတို့စခန်းမှာပဲနေကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

Photo – Internet