အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသား တရာလောက်သာ ပြန်လည်လွတ်မြောက်

သြဂုတ် ၊ ၁

မန္တလေး၊ အိုးဘိုထောင်ကနေ ဒီကနေ့မှာ စစ်ကောင်စီကပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား တရာ လောက်သာပါဝင်ပြီး အများစုဟာလွတ်ရက်စေ့ခါနီး လပိုင်းသာကျန်သူတွေဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတဦးကဆိုပါတယ်။

“ ထင်ပေါ်ကျော်ကြားတဲ့သူဆိုတာမျိုးတော့ သိပ်မတွေ့ရပါဘူး။ အများစုက ၅၀၅ နဲ့တရားစွဲဆိုထောင်ကျထားတဲ့သူတွေလွတ်လာတယ်။ သူတို့ကလည်း ချူပ်ရက်နဲ့ ဘာနဲ့ဆိုတော့ အများစုက လွတ်ရက်စေ့ဖို့နိီးနေတဲ့သူတွေပေါ့ ” လို့ သူကဆိုပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းအမိန့်နဲ့ အိုးဘိုထောင်က  အကျဉ်းသား ၆၃၈ ဦးနဲ့ အကျဉ်းသူ ၁၁၃ ဦးစုစုပေါင်း ၇၅၁ ဦးမှာ လွတ်ငြိမ်းနဲ့ပြန်လည်လွတ်မြောက်လာပြီးအဲဒီထဲမှာန  နိုင်ငံရေး အကျဉ်းသားတရာလောက်သာပါဝင်တယ်လို့လည်း သိရပါတယ်။

မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒီချုပ်ပါတီ နာယကဦးဝင်းထိန်၊ ဒုတိယဥက္ကဌ ၂ ဒေါက်တာဇော်မြင့်မောင်၊ မြို့တော်ဝန်ဦးရဲလွင်နဲ့ ရှေ့နေဒေါ်ရွက်နုအောင်စတဲ့  ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်ဘူးလို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တဦးကပြောပါတယ်။

အာဏာသိမ်းပြီးနောက် နေ့စဉ်ဆိုသလို စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ မန္တလေးမြို့က နာမည်ကျော် မြတောင်စစ်ကြောင်းမှ သံဃာတပါးဖြစ်တဲ့ ဦးဇင်းသုညလည်း ဒီကနေ့မှာ အိုးဘိုအကျဉ်းထောင်မှ တဆင့်ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ဒါအပြင် ဒီကနေ့မှာ မန္တလေးတိုင်းအတွင်းရှိ အကျဉ်းထောင် ငါး ခု၊ အလုပ်စခန်းခုနှစ် ခုတို့က အကျဉ်းသား၊ အကျဉ်းသူ ၁၃၃၆ ဦး လွတ်ငြိမ်းနဲ့ပြန်လည်လွတ်မြောက်လာတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့မှာကျရောက်တဲ့ ဒုတိယဝါဆိုလပြည့်အထိမ်အမှတ်နဲ့ နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်တည်ထားတဲ့  မာရဝိဇ ဘုရားအနေကဇာတင် အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်းရှိ အကျဉ်းသား ၇၇၄၉ ဦးကို လွတ်ငြိမ်းနဲ့ ပြန်လည် လွတ်ပေးခဲ့တာပါ။

အလားတူပဲ နေပြည်တော်မှာဖမ်းဆီးထားတဲ့  အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ငူထောင်မှာဖမ်းဆီးထားတဲ့ သမ္မတဦးဝင်မြင့်ရဲ့ အမှုတချို့က ပြစ်ဒဏ်တွေကိုလည်း လွတ်ငြိမ်းခွင့်ပေးခဲ့ပါသေးတယ်။

ဒါ့အပြင် သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေထဲက ပြစ်ဒဏ်လျှော့ပေါ့သင့်သူတွေကို ထောင်တသက်ပြောင်းလဲပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲဆိုထားသူ ၇၂ ဦးကို အမှုတွေပိတ်သိမ်းပြီး ပြန်လည်လွတ်ပေးခဲ့ပါသေးတယ်။

 တိုင်းရင်သားလက်နက်ကို်င်တပ်ဖွဲ့တွေဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် ( TNLA ) မှ ၁၆ ဦး၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်(MNDAA) မှနှစ် ဦး၊ ရှမ်းပြည်တိုးတက်ရေးပါတီ ( SSPP/SSA) မှ သုံး ဦးနဲ့ ရက္ခိုင့် (AA) မှ တပ်ဖွဲ့ဝင် တဦး စုစုပေါင်း ၂၂ ဦးကိုလည်း လွတ်ငြိမ်းခွင့်တွေပေးခဲ့ပါသေးတယ်။