ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ပြစ်ဒဏ်တချို့ လွတ်ငြိမ်းခွင့်ပြုတယ်လို့ကြေညာ

သြဂုတ်၊ ၁
 
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့် တို့အပေါ် ချမှတ်ထားတဲ့ ပြစ်မှုတွေအနက် တချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက သြဂုတ်လ ၁ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည် အပေါ် သက်ဆိုင်ရာတရားရုံးတွေက ချမှတ်ထားတဲ့ ပြစ်မှုတွေထဲက ရာဇဝတ်မှုကြီးအမှတ် ၃၅/၂၀၂၁ ၊ ၃၇/၂၀၂၁ ၊ ၇၁/၂၀၂၁၊ ၃၈/၂၀၂၁ နဲ့ ၄၅/၂၀၂၁ တို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းခွင့်ပြုတယ်လို့ စစ်ခေါင်းဆောင်က ထုတ်ပြန်ပါတယ်။
 
ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကိုလည်း ရာဇဝတ်မှုကြီးအမှတ် ၃၅/၂၀၂၁ နဲ့ ၃၆/၂၀၂၁ တို့နဲ့ ကျခံနေရတဲ့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
 
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို အဂိတိအမှု ငါးမှု အပါအဝင် အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ပြီး နေပြည်တော်အချုပ်ထောင်မှာ ဖမ်းဆီးထားတာပါ။
 
သမ္မတဦးဝင်းမြင့်ကိုတော့ အဂတိအမှုတွေ အပါအဝင် အမှုပေါင်း ရှစ်မှုနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ပြီး တောင်ငူထောင်မှာ ဖမ်းဆီးထားတာဖြစ်ပါတယ်။
 
အခုလွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အမှုတွေကတော့ ပုဒ်မ ၅၀၅၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ တရားစွဲဆိုထားတဲ့ အမှုတွေဖြစ်ပြီး အဂတိမှုတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေနဲ့ တရားစွဲဆိုထောင်ချထားတာတွေ မပါဝင်ပါဘူး။
 
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ အမှု ငါးမှုအတွက် စုစုပေါင်း ထောင်ဒဏ် ရှစ်နှစ် ချမှတ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအထဲက နှစ်နှစ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှာ လျှော့ပေါ့သက်သာခွင့် ပေးခဲ့ပြီး နောက်ထပ်ခြောက်နှစ်ကိုတော့ ဒီကနေ့မှာ လွတ်ငြိမ်းခွင့်ပေးလိုက်တာပါ။
 
စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှု ၁၉ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခဲ့ပြီး ပြစ်ဒဏ်သက်သာခွင့်နှစ်ကြိမ်မှာ စုစုပေါင်း ရှစ်နှစ် ပြန်လျှော့ပေးခဲ့တာဖြစ်ပါတယ်။
 
သမ္မတ ဦးဝင်းမြင့်ကိုတော့ စစ်ကောင်စီက အမှု ရှစ်မှု အတွက် စုစုပေါင်းထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်သက်သာခွင့် နှစ်ကြိမ်မှာ စုစုပေါင်း လေးနှစ်ပြန်လျှော့ပေးခဲ့ပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်က ဒုတိယဝန်ကြီးအဆင့် အိမ်ယာမှာ ရွှေ့ပြောင်းထားတယ်လို့ မကြာသေးခင်က သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အဲဒီသတင်းဟာ မဟုတ်ဘူးလို့လည်း နေပြည်တော်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
 
ကုလသမဂ္ဂအပါအဝင် အာဆီယံနိုင်ငံခေါင်းဆောင်တွေနဲက နိုင်ငံတကာခေါင်းဆောင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ မကြာခဏ တောင်းဆိုထားကြပါတယ်။
 
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒုတိယဝါဆိုလပြည့် အထိမ်းအမှတ်နဲ့ နေပြည်တော်က မာရဝိဇယဘုရား အနေကဇာတင် အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၇၇၄၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်လို့ ထုတ်ပြန်ထားပါတယ်။
Website တွင် ကြည့်ရှုရန် >>> https://deltanewsagency.com/40196/
 
ဓာတ်ပုံ – AFP