အင်းလေးဒေသမှာ PNO က စစ်ကောင်စီနဲ့ပေါင်းပြီး ဖမ်းဆီးငွေညှစ်ဖိနှိပ်မှုတွေလုပ်နေ

ဇူလိုင် ၊ ၂၉

အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချူပ်PNO ၊ PNA  ပြည် သူ့စစ်တွေက စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဒေသခံတွေကို မတရားဖမ်းဆီးငွေညှစ်မှုနဲ့ ဖိနှိပ်မှုတွေလုပ်နေတယ်လို့ Justice Movement for Community-InnLay အဖွဲ့ရဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။

“ PNO ရယ် ဒေသခံပျူစောထီးရယ်က စစ်ကောင်စီတွေကို ရှေ့ဆောင်လမ်းပြလုပ်နေကြတယ်၊စစ်ကောင်စီက အင်းထဲကရွာတွေကိုဝင်မွှေမယ်၊ဝင်ဖမ်းမယ်ဆိုရင်တော်ရုံဝင်လို့ကအဆင်မပြေဘူး၊ဝင်ရဖို့ခက်ခဲတယ်၊ နယ်မြေ ကျွမ်းကျင်တဲ့ PNO နဲ့ ပျူစောထီးတွေကြောင့် သူတို့ စိတ်ထင်တိုင်းဝင်မွှေပြီးဝင်ဖမ်းနေကြတာပါ ” လို့ JMC-Innlay အဖွဲ့ဒါရိုက်တာ မယုလှိုင်သင်းက DNA ကိုပြောပါတယ်။

ပြည်သူစစ်တွေက ဒေသခံတွေကို PDF နဲ့ CDM တွေကို ထောက်ပံ့နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မတရားစွပ် စွဲဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်ရေးဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုတာတွေလုပ်ဆောင်နေတဲ့အပြင် ဒေသခံ တွေနေအိမ်ထဲက ပစ္စည်းတွေကိုခိုးယူတာတွေ ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေတာလို့ အဲဒီအစီရင်ခံ စာက ဆိုထားပါတယ်။

“သာရေးနာရေး အိမ်တွေမှာ လူတွေအများကြီးကို မေးစရာရှိတယ်ဆိုပြီး ရဲစခန်းခေါ်သွားတယ်၊ပြီးရင် နောက်ရက် ငွေနဲ့ပြန်လာရွေးခိုင်းတယ်၊အိမ်မှာဝင်မွှေပြီးတော့ အိမ်ရှိပစ္စည်းရွှေငွေယူသွားတယ်၊ အိမ်မွေးတိရိစ္ဆာန်တွေ ကို လည်းဖမ်းခေါ်သွားတယ်၊လူတွေကမတရားမှန်းသိပေမယ့် ငြိမ်ခံနေရတယ် ” လို့အင်းလေးဒေသ တုံးလည်ကျေးရွာ အုပ်စုက ဒေသခံတဦးကလည်းပြောပါတယ်။

အာဏာသိမ်းပြီးနောက် အင်းလေး ဒေသခံလူထုအပေါ် ထိခိုက်လာတဲ့ အကျိုးဆက်တွေကို သိရှိနိုင်ဖို့အတွက် ကိုယ်တွေ့ထိခိုက်ခံစားခဲ့ရသူတွေအပါအဝင် ဒေသတခုလုံးကို လွှမ်းခြုံနိုင်မယ့် လူဦးရေ တရာဝန်းကျင်ကို ရွေး ချယ်စစ်တမ်းကောက်ခဲ့ပြီးနောက် အဲ့ဒီအစီရင်ခံစာကို ထုတ်ပြန်တာလို့ ဆိုပါတယ်။

အဲ့ဒီစစ်တမ်းအတွက် မေးမြန်းခဲ့သူတွေရဲ့ ဖြေဆိုချက်တွေအရ အာဏာသိမ်းပြီးနောက် အင်းလေးဒေသရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းလောက်ဟာ လုံခြုံမှုမရှိတော့ဘဲလွတ်လပ်စွာ သွားလာခွင့်မရှိတော့ဘူးလို့ အစီရင်ခံစာက ဆိုပါ တယ်။

“ရပ်ကွက်လူကြီးတွေက စစ်ယူနီဖောင်းပြောင်းဝတ်လာတယ်၊ပျူစောထီး ခေါင်းဆောင်တွေကလည်းစစ်ယူနီ ဖောင်းပြောင်းဝတ်လာတယ်၊ပြီးတော့ ရွာသားတွေကို အာဏာပါဝါနဲ့ ဆက်ဆံတယ်၊ ရွာသားတွေကဘာမှ ပြန်မ ပြောရဲဘူး၊သူတို့တွေက အမြင်မကြည်ရုံနဲ့ စကစကို လက်တို့ပြီး ဖမ်းခိုင်းတယ်လေ” လို့ မယုလှိုင်သင်းက ပြော ပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအကျိုးဆက် အနေနဲ့ ဒေသခံ လူ့အဖွဲ့အစည်းတွေကြား နိုင်ငံရေးခံယူ ချက် သဘောထားကွဲလွဲမှုတွေကြောင့် တဦးနဲ့ တဦး အယုံအကြည်ကင်းမဲ့ပြီး သံသယတွေတိုးလာနေကြတယ်လို့ လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

“အရင်က ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆက်ဆံပြောဆိုလာတဲ့သူတွေက အခုဆို သံသယမျက်လုံးနဲ့ ကြောက် စိတ်တွေနဲ့သိပ်ပြီးမရင်းနှီးကြတော့ဘူး၊နိုင်ငံရေး ခံယူချက်တွေကြောင့်လည်း ပါတယ် ” လို့ မယုလှိုင်သင်းက ပြော ပါတယ်။

ဒီလို ဖြစ်လာတဲ့ အကျိုးဆက်အနေနဲ့ ဒေသခံတွေကြား စည်းလုံးညီညွတ်မှုပြိုကွဲလာတာနဲ့ စစ်ကောင်စီက အသင်း အဖွဲ့တွေကို လွတ်လပ်စွာ ဖွဲ့စည်းလုပ်ကိုင်ခွင့်မပြုတာတွေကြောင့် ဒေသခံတွေအနေနဲ့ ပရဟိတကူညီမှု လုပ်ငန်း တွေလုပ်ဆောင်နိုင်မှု အားနည်းလာတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

အင်းလေးဒေသတွင်းကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေကဝင်ရောက်စစ်ဆေးတဲ့အခါ  တော်လှန်ရေးအဖွဲ့တွေနဲ့ ပတ်သက်တဲ့သတင်းစုံစမ်းတာတွေအပြင် လက်နက်ရှာဖွေတာ၊ အိမ်ထောင်စုစာရင်းစစ်ဆေးတာ ဧည့်စာရင်းစစ် ဆေးတာတွေလုပ်ကြသလို PDF တွေနဲ့ အဆက်အသွယ်မလုပ်ကြဖို့ ဟောပြောပွဲတွေကိုလည်း လုပ်ဆောင်လေ့ရှိ တယ်လို့ ဒေသခံတဦးကပြောပါတယ်။

အဲဒီလို စစ်ဆေးနေချိန်မှာ နိုင်ငံရေးနဲ့ပတ်သက်တယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးမှုတွေလည်း လုပ်လေ့ ရှိပြီးဖမ်းဆီးခံရသူတွေကို လူအများရှေ့မှာ ရိုက်နှက်နှိပ်စက်တာတွေ လုပ်လေ့ရှိတယ်လို့ အစီရင်ခံစာကဆို ထား ပါတယ်။

ဒါ့အပြင် အဏာသိမ်းပြီးနောက် အင်းလေးဒေသမှာ ကျောင်းနေအရွယ် ကလေးငယ် တဝက်ကျော်လောက်ဟာ စာ သင်ကျောင်းတွေနဲ့ ဝေးကွာနေပြီး စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ ကျောင်းတွေရဲ့ သင်ကြားမှုတွေကို စိတ်ကျေနပ် မှုမရှိကြပေမယ့် ကျောင်းသား၊ကျောင်းသူအများစုဟာ ခြိမ်းခြောက်ဖိအားပေးခံရမှုတွေကြောင့် ကျောင်းတက်နေရ တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။