ဇူလိုင်၊ ၂၁
ဧရာဝတီတိုင်းထဲမှာ လုပ်ကိုင်နေတဲ့ လက်ရိုက်အုတ်လုပ်ငန်းတွေကို စစ်ကောင်စီအုပ်ချုပ်ရေးမှူးအဖွဲ့တွေက အခွန်နှုန်းထားတွေကို နှစ်စဉ်လစဉ်အကြိမ်အရေ တိုးမြှင့်ကောက်ခံနေတယ်လို့ အုတ်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောဆိုကြပါတယ်။
လက်ရိုက်အုတ်လုပ်ငန်းကို အခွန်တနှစ်တကြိမ်ကောက်ရာကနေ အခုနှစ်ထဲမှာ နှစ်ကြိမ်အထိ တိုးကောက်လာသလို လစဉ်ကြေးဆိုပြီး ကောက်ယူမှုတွေပါ ရှိလာတယ်လို့ ဆိုကြပါတယ်။
” ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလတုန်းက တစ်ကြိမ် အခွန်ဆောင်ပြီးနေပြီ ခုဇူလိုင်မှာ ထပ်ပြီးအခွန်ဆောင်ခိုင်းတယ်၊ ပြီးတော့ အရင်တုန်းက လစဉ်ကြေး ဆိုတာ မရှိဘူး၊ အခု တလကို သုံးသောင်းခွဲ (၃၅၀၀၀ကျပ်) လစဉ်ကြေး ဆောင်ခိုင်းသေးတယ် ” လို့ ပုသိမ်မြို့ အမှတ် ၁၂ ရပ်ကွက် က အုတ်ဖိုလုပ်ငန်းရှင်တဦးက DNA ကိုပြောပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်၊ ကန်ကြီးထောင့်၊ မြောင်းမြ၊ မအူပင်၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်တွေက အုတ်ဖိုလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ကတည်းက နှစ်စဉ်ကြေး တွေကို အုတ်ထွက်တဲ့ အုတ်ဖိုနှုန်းထားအရ တသိန်းခွဲကနေ လေးသိန်းအထိ ပေးဆောင်ပြီးပေမယ့် အခုလထဲမှာ အုတ်ဖိုတခုကို ကျပ်သုံးသိန်း ထပ်မံပေးဆောင်နေရတာလို့ ဆိုကြပါတယ်။
“ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သူ့သဘောနဲ့သူ ကောက်တာမဟုတ်ဘူး၊ အထက်က ကောက်ခိုင်းလို့ ကောက်တာ၊ လစဉ်ကြေးကတော့ ရပ်ကွက်မီးဘေးကာကွယ်ရေးနဲ့ အခြားဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ရံပုံငွေကောက်တာပါ ” လို့ ပုသိမ်မြို့က အုပ်ချုပ်ရေးရုံးနဲ့ နီးစပ်သူက ဆိုပါတယ်။
အခုလို နှစ်စဉ်လစဉ်ငွေကောက်ခံမှုတွေအပြင် မြေစာရင်း၊ စည်ပင်အဖွဲ့တွေနဲ့ နယ်မြေရဲတပ်ဖွဲ့၊ မီးသတ်အဖွဲ့တွေကလည်း အုတ်ဖိုလုပ်ငန်းတွေကို မကြာခဏ ငွေတောင်းခံမှုတွေ ရှိတာကြောင့် အဆင်မပြေဖြစ်ရတယ်လို့လည်း အုတ်ဖိုလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။
အရင်စစ်အာဏာမသိမ်းခင်ကတော့ အုတ် ၂၀၀၀ ကနေ ၅၀၀၀ အတွင်းထွက်တဲ့ အုတ်ဖိုလုပ်ငန်း တပိုင်တနိုင်လုပ်ကိုင်သူတွေက အခွန်ပေးဆောင်စရာမလိုဘဲ အုတ်အလုံးတသောင်းခွဲထွက်တဲ့ အုတ်ဖိုတွေသာ တနှစ်စာငွေကျပ်တသိန်းခွဲ ပေးဆောင်ရတာဖြစ်တယ်လို့ အုတ်လုပ် ငန်း လုပ်ကိုင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အုတ်ဖိုလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့လည်း ဒေသတွင်း ဆောက်လုပ်ရေးလုပ်ငန်းတွေ နည်းပါးတာကြောင့် အုတ်အရောင်းအဝယ်လည်း ဈေးကွက်နည်းနေပြီး အုတ်ဖုတ်လုပ်သားတွေနဲ့ စရိတ်ကြေရုံလုပ်ကိုင်နေချိန်မှာ အခုလို အခွန်တိုးမြှင့်ကောက်ခံမှုတွေကြောင့် လုပ်ငန်းတွေ ရပ်တန့်သွားနိုင်တယ်လို့ အုတ်ဖိုလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။
လက်ရှိဧရာဝတီတိုင်းအတွင်းမှာ လက်ရိုက်မြေ အုတ်ဖုတ်တဲ့ လုပ်ငန်းလုပ်ကိုင်သူ အများအပြားရှိနေပြီး ပုသိမ်မြို့ ရပ်ကွက် ၉ ခုကျော်မှာ တွင် အုတ်ဖိုပေါင်း ၂၄၀ ကျော်ရှိကာ အုတ်ဖုတ်လုပ်ငန်းခွင်ရှိ လုပ်သား ၃၀၀၀ နီးပါးရှိနေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – CJ