တပ်မဟာ ၆ နယ်မြေမှာ ဇွန်လအတွင်း တရက်တကြိမ်နှုန်းနီးပါး တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ KNU ပြော

ဇူလိုင်၊ ၂၁
 
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေထဲမှာ ဇွန်လအတွင်း တရက်တကြိမ်နှုန်းလောက်နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တရက်နှစ်ဦးနှုန်း ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
 
ဇွန်လဆန်းကနေ လကုန်အထိ တလအတွင်း KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO၊ အဲဒီတပ်ဖွဲ့တွေရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ပူးပေါင်း စစ်ကြောင်းတွေနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲကြီးငယ်ပေါင်း ၂၉ ကြိမ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
 
အဲဒီတိုက်ပွဲတွေအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးကြီး တဦး၊ ဒုဗိုလ်မှူးကြီး တဦး၊ နယ်ထိန်းရဲအရာရှိ တဦး အပါအဝင် ၄၆ ဦး သေဆုံးကာ ၂၅ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
KNU ပူးပေါင်းတပ်တွေဘက်ကလည်း တဦးကျဆုံးကာ တဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေအတွင်း ထိခိုက်ကျဆုံးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်လေ့မရှိသလို နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေတွေကို DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
 
တဖက်မှာလည်း တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်မှာ ဇွန်လအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ သုံးကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ၁၂ ကြိမ် ကျေးရွာတွေဘက်ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆယ်နှစ်အရွယ် ကလေးနှစ်ဦး အပါအဝင် ပြည်သူကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦး သေဆုံးသွားသလို လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အဦ တခုနဲ့ နေအိမ်နှစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
လက်ရှိမှာလည်း တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မြဝတီ၊ ကော့ကရိတ်အာရှလမ်းမကြီးတလျှောက်က ကျေးရွာတွေ မှာစစ်ကောင်စီတပ်နဲ့ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား နေ့စဉ်နဲ့အမျှ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသတွင်းလှုပ်ရှားတဲ့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
 
“ တိုက်ပွဲက နေ့စဉ်ပဲပေါ့၊ ဘယ်နေ့က စရမလဲလို့ ပြောလို့ရမှန်း မသိတော့ဘူး သူတို့ဘက်က လက်နက်ကြီးပစ်တာတော့ နေ့စဉ်ဖြစ်နေတယ်၊ မနေ့က တိုက်ပွဲဖြစ်တာက ကိုယ့်ဘက်က သွားပြီးတော့မှ ထိတွေ့တိုက်ပွဲ ဖြစ်တယ်ပေါ့ ” လို့ ကော့ကရိတ်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေ တဲ့ ပူးပေါင်းအဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဒါ့အပြင် ဒီရက်ပိုင်းအတွင်း မြဝတီမြို့နယ် ကျောက်တောင်ဒေသနဲ့ လတ်ခတ်တောင်တဝိုက်မှာရှိတဲ့ စစ်ကောင်စီ ၊ နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ စခန်းကုန်းတွေကို ပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခဲ့သလို ကော့ကရိတ်မြို့နဲ့ မြို့အနီး ပတ်ဝန်းကျင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း ဝင်ရောက်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။
 
အဲဒီတိုက်ခိုက်မှုတွေမှာ ကရင်လွတ်မြောက်ရေးတပ်မတော် KNLA ၊ Cobra စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း ၊ Federal Winds ၊ ကျားဖြူစစ်ကြောင်း အစရှိတဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်နေကြတယ်လို့ သိရပါတယ်။
 
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများနေသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတာတွေ ရှိနေတယ်လို့ ကနဦးသိရပေမယ့် အသေးစိတ်အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။
 
နှစ်ဖက်တိုက်ပွဲတွေကြောင့် မြဝတီ၊ ကော့ကရိတ်မြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားရာ ကျေးရွာတွေဘက်က ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အဲဒီစစ်ရှောင်ပြည်သူတွေအတွက် နေထိုင်ဖို့နဲ့ စားနပ်ရိက္ခာ အခက်အခဲတွေလည်း လိုအပ်မှု ရှိနေတယ်လို့ ဆိုပါတယ်။
 
“ လိုအပ်ချက်ကတော့ ရှိနေဆဲပဲလေ၊ နေထိုင်ဖို့၊ စားသောက်ဖို့ တွေကအစပေါ့နော်၊ နေမကောင်းဖြစ်နေတာလည်း များတယ်၊ လူဦးရေ ဘယ်လောက်လဲဆိုတာ စာရင်းကောက်နေဆဲပဲ။ ဘယ်လို ပြောရမလဲ၊ အခုက လေယာဉ်နဲ့ လက်နက်ကြီးကို ကြောက်နေကြတာ ” လို့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
 
ဒါ့အပြင် လက်ရှိမိုးရာသီကာလမှာ ဖြစ်လေ့ရှိတဲ့ ငှက်ဖျား၊ တုပ်ကွေးကဲသို့သော ရောဂါမျိုးတွေလည်း စစ်ရှောင်ပြည်သူတွေမှာ ပိုဖြစ်လာနေပြီး သူတို့အတွက် ဆေးဝါးလိုအပ်ချက်တွေ အများကြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီက အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ကော်သူးလေ၊ ကရင်ဒေသများရှိ စစ်ဘေးရှောင်ဦးရေမှာ (၅)သိန်းကျော်အထိ ရှိတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN)က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
 
စစ်ဘေးရှောင်ပြည်သူတွေထဲမှာ ကလေးသူငယ်တွေ၊ မသန်းစွမ်းသူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကျောင်းသား လူငယ်တွေလည်း အများအပြားပါဝင်ပြီး သူတို့အတွက် နေထိုင်ဖို့ အမိုးအကာ၊ အစားအသောက်၊ ဆေးဝါးနဲ့အတူ ကျန်းမာရေး လုံခြုံရေးအစရှိတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလည်း လိုအပ်နေတယ်လို့ KNU က အသိပေးထားပါတယ်။
 
လက်ရှိမှာလည်း မြဝတီ၊ ကော့ကရိတ်၊ ဝေါလေ၊ ကျုံဒိုး ကြာအင်းဆိပ်ကြီး စတဲ့ ဒေသတွေမှာ စစ်ကောင်စီဘက်က တိုက်ပွဲမရှိဘဲ နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေနေတဲ့အပြင် ကင်းထောက်လေယာဉ်တွေလည်း နေ့စဉ်ပျံဝဲနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။
 
ဓာတ်ပုံ – KNU