ဒညင်းသီးသယ်လာတဲ့ကားပေါ်က မောင်းပြန်ရိုင်ဖယ် ကျည်တထောင်ဝန်းကျင်တွေ့လို့ အမျိုးသားသုံးဦးဖမ်းဆီးခံထားရ

ဇူလိုင်၊ ၁၈

ပဲခူးတိုင်း၊ ဝေါမြို့နယ် ညောင်ခါးရှည် X-Ray စစ်ဆေးဂိတ်မှာ ဒညင်းသီးအိတ်နဲ့ ရောသယ်လာတဲ့ ကျည်တထောင် နီးပါး စစ်ဆေးတွေ့ရှိပြီးနောက် အဲ့ဒီအိတ်ကိုသယ်လာတဲ့ ကားပေါ်မှာပါသူ နှစ်ဦးနဲ့နောက်ထပ်တဦး စုစုပေါင်းသုံး ဦးကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေကပြောပါတယ်။

“သူတို့က ကားနဲ့ ဒညှင်းသီးအိတ်ထဲမှာ ထည့်ပြီးတော့ သယ်လာတာ၊ ကျည်တောင့်က နှစ်မျိုးပေါ့နော်၊ အဲဒါစစ် ဆေးတော့ ဖမ်းမိသွားတာ၊ ကားမှာတော့ နှစ်ယောက်ပါတယ်၊ အခု သူတို့နှစ်ဦးကို ဖမ်းထားတယ်” လို့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

ဦးကျော်မင်းဦးဆိုသူမောင်းနှင်လာပြီး ဦးစန်းကြီးဆိုသူ အမျိုးသားတဦးလည်းလိုက်ပါလာတဲ့ ဟိုင်းလတ်ကားကို မနေ့ နေ့လယ်ပိုင်းက ညောင်ခါးရှည်စစ်ဆေးရေးဂိတ် X-Ray စက်မှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက သတင်း အရ ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့တာလို့ဆိုပါတယ်။

အဲ့ဒီလိုစစ်ဆေးရာက ဒညင်းသီးတွေနဲ့အတူရောနှောသယ်ယူလာတဲ့ ၇.၆၂ ကျည် ၃၀၂ တောင့်၊ ၅.၅၆ ကျဉ် ၆၃၉ တောင့်ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ဒီကျည်ဆံတွေဟာ မောင်းပြန်ရိုင်ဖယ်သေနတ်တွေမှာ အသုံးပြု ပစ် ခတ်နိုင်တဲ့ကျည်ဆံတွေဖြစ်ပါတယ်။

ကျည်ဆံတွေနဲ့အတူ ဖမ်းဆီးရမိသူနှစ်ဦးကို စစ်ဆေးမေးမြန်းချက်အရ အဲဒီကျည်ဆံတွေဟာ ကျိုက်ထို မြို့နယ် သိမ်ဇရပ် မြို့နေ ဦးနိုင်ထွန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် ပို့ခိုင်းတဲ့အတွက် သွားရောက် ပို့ဆောင် ပေးတာဖြစ်ကြောင်း ထွက်ဆိုထားတယ်လို့ဆိုပါတယ်။

“ ဒီနေ့ပဲ ဦးနိုင်ထွန်းကို သွားဖမ်းလိုက်တယ်၊ သူတို့ထွက်ဆိုတာကအဲ့လူက ခိုင်းတာပေါ့နော်၊ PDF တွေအတွက် သွားပို့ဖို့တဲ့၊ သူတို့တာဝန်က သွားပို့ရုံပဲ၊ တနေရာချိန်းထားတယ်၊ ဟိုဘက်က လာယူမှာ”လို့ အဲဒီ စစ်ကောင်စီနဲ့ နီးစပ်သူက ပြောပါတယ်။

အဲ့ဒီအခြေအနေတွေကိုတော့ DNA အနေနဲ့ သီးခြား အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

လက်ရှိမှာလည်း သူတို့သုံးဦးရဲ့ ထွက်ဆိုချက်အရ လက်နက်အရောင်းအဝယ်ပြုလုပ်ပြီး သူတို့နဲ့ အချိတ်အဆက်ရှိ နေတဲ့သူ တွေကို စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်လံရှာဖွေဖမ်းဆီးဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ ကျည်ဆံတွေနဲ့အတူ ဖမ်းဆီးခံထားရတဲ့ သုံးဦးကို စစ်ကောင်စီက လက်နက်ဥပဒေ၊ အကြမ်းဖက်တိုက် ဖျက်ရေး ဥပဒေ နဲ့အရေးယူဖို့ စီစဉ်နေပြီး အတိအကျတော့မသိရသေးပါဘူး။

“ကြားထားတာတော့ ကားသမားနဲ့ အတူတယောက်ကို စစ်ဆေးနေတာပဲ၊သူတို့မှာ အပြစ်မရှိဘူးဆိုရင် ပြန်လွှ တ်မယ် လို့ပြော တာပေါ့၊ဒါပေမယ့် မသေချာသေးဘူး၊လူကြီးတွေက သူတို့ ဘယ်လိုစီစဉ်ထားလဲ မသိသေးဘူး” လို့ စစ်ကောင်စီနဲ့ နီးစပ်သူက ပြောပါတယ်။