နတ်မောက်မှာ စစ်ကောင်စီသတင်းပေးလို့ဆိုသူတဦးပစ်ခတ်ရလို့သေဆုံး

 

ဇူလိုင်၊ ၁၈
 
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကပြိုရွာသစ်ရွာက စစ်တပ်သတင်းပေးဆိုသူ အမျိုးသား တစ်ဦးကို ထန်းပင်ချောင်နဲ့ ချော်ချောင်းကျေးရွာကြားမှာ ဇူလိုင်လ ၁၇ ရက် ညနေ ၃ နာရီခန့်က ဖမ်းဆီးပြီး ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ ဂဠုန် PDF နတ်မောက် တာဝန်ခံ ဗိုလ်အောင်ဒင်က ပြောပါတယ်။
 
” သူ့ကို ကျွန်တော်တို့ ရှင်းလင်းဖို့အတွက် စောင့်နေတာ ကြာပြီပေါ့နော်။ ခုကလည်း ကျနော်တို့ အလုပ်ကိစ္စတခုနဲ့ သွားနေချိန် သူကလည်း သူအဖော်တွေနဲ့ လာချိန် လမ်းမှာဆုံလို့ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းပြီး ရှင်းပစ်လိုက်တာပါ ” လို့ ဗိုလ်အောင်ဒင်က ဆိုပါတယ်။
 
စစ်ကောင်စီသတင်းပေးဖြစ်သူ အသက် လေးဆယ်အရွယ်ခန့်ရှိတဲ့ ဦးအောင်ကိုချစ်ကို အဖော်လေးယောက်နဲ့အတူ လမ်းတွင် ဖမ်းဆီးမိခဲ့ပြီး စစ်ဆေးပြီးတဲ့နောက် သေနတ်နဲ့ လေးချက်ပစ်ခတ်ခဲ့လို့ နေရာမှာပဲ သေဆုံးခဲ့တဲ့အတွက် စစ်ကောင်စီတပ်တွေက နတ်မောက်ဆေးရုံကို သယ်ယူသွားတယ်လို့ ပြောပါတယ်။
 
” သူ့ယောက္ခမက အုပ်ကြီး ဒလန်၊ သူက သူ့ယောက္ခမခိုင်းတဲ့အတိုင်း ဒီ PDF အသွားအလာတွေ စောင့်ကြည့်သတင်းပို့တယ်၊ နောက်တခုက ပြည်သူတွေရဲ့ မျက်မြင်ကိုယ်တွေပေါ့၊ စစ်ကြောင်းလာရင် စစ်ကြောင်းအရှေ့က ရှေ့ပြေးအနေနဲ့ လိုက်ပါပေးတယ်၊ ကျွန်တော်တို့ စစ်ဆေးချိန် သူကိုယ်တိုင်ကလည်း ဝန်ခံခဲ့တယ် ” လို့လည်း ဗိုလ်အောင်ဒင်က ဆိုပါတယ်။
 
သေဆုံးခဲ့သူ ဦးအောင်ကိုချစ်ဟာ ဝက်ပွဲစား လုပ်ကိုင်သူဖြစ်ပြီး စစ်ကောင်စီကို PDF အသွားအလာတွေကို သတင်းပေးတာ၊ စစ်ကောင်စီစစ်ကြောင်းတွေမှာ ရှေ့ပြေးအဖြစ် လိုက်ပါဆောင်ရွက်ပေးတာ၊ စစ်ကြောင်း ဝင်လာချိန် ဝက်နဲ့ အခြား အသုံးအဆောင်ပစ္စည်းတွေကို စျေးဖြတ်ရောင်းချပေးတာ၊ စစ်ကောင်စီက မတရား ဖမ်းဆီးထားသူတွေကိုလည်း ငွေနဲ့ ပြန်ထုတ်နိုင်ဖို့ ပွဲစားအဖြစ် လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
 
ဦးအောင်ကိုချစ်ကို ဖမ်းဆီးချိန် အဖော်ပါလာသူ လေးဦးဟာ သာမန် ဝက်ရောင်းဝယ်ရေးလုပ်ငန်း လုပ်သူတွေဖြစ်ပြီး စစ်ကောင်စီနဲ့ မပတ်သက်တာကြောင့် စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဗိုလ်အောင်ဒင်က ဆိုပါတယ်။
 
” ပြည်သူထဲက ပြည်သူတွေအနေနဲ့ ပြည်သူလိုပဲ နေဖို့၊ နောက်တခုက ဒလန်မလုပ်ဖို့နဲ့ ဒီ စစ်ကောင်စီ ယာဉ်တန်းတွေနဲ့ ဝေးရာမှာ နေကြဖို့ သတိပေးချင်ပါတယ် ” လို့ ဂဠုန် PDF နတ်မောက်မှ တာဝန်ခံ ဗိုလ်အောင်ဒင်က ပြောပါတယ်။
 
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေလက်ချက်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ဝန်ထမ်းတွေ အပါအဝင် လူပေါင်း ခြောက်ထောင်ကျော် သေဆုံးခဲ့တယ်လို့ ဇူလိုင်လ ၆ ရက်က ထုတ်ပြန်ထားပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ပွဲတွေမှာ လိုက်နာရမယ့် စစ်သည်တော်ကျင့်ဝတ်တွေနဲ့အညီ ဆောင်ရွက်ကြဖို့ကိုလည်း မကြာခဏ တိုက်တွန်းတာရှိပါတယ်။
 
အလားတူပဲ စစ်ကောင်စီတပ်တွေ သတ်ဖြတ်လို့ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်အထိ လူပေါင်း ၃၈၀၀ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ​ – ဂဠုန် PDF နတ်မောက်