ဇူလိုင်၊ ၁၈
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထဲမှာ တလမှာ အနည်းဆုံး သုံးဦးလောက် ပြည်သူ့ဘက်ကို ပူးပေါင်းပါဝင်လာလေ့ရှိတယ်လို့ အဲဒီအရေးကိစ္စတွေကို ကူညီလုပ်ကိုင်ပေးနေသူတဦးက DNA ကို အတည်ပြုပြောဆိုပါတယ်။
“ ပြီးခဲ့တဲ့လ (ဇွန်)ကလည်း ကျနော်ဆီမှာ သုံးယောက်လောက် တက်တယ်လေ။ ရဲဒုတပ်ကြပ်တဦးပါတယ်။ ကျန်တာတပ်ကပေါ့နော်။ ဟိုပြီးခဲ့တဲ့ (မေ)လတုန်းကလည်း သုံးယောက်တက်တာပဲ။ တလကို ပုံမှန်တော့ အဲလောက်တက်နေတယ်။ သူတို့ကိုလည်း တခါတည်း လွတ်မြောက်နယ်မြေကို ပို့လိုက်ပါတယ် “ လို့ သူကပြောပါတယ်။
ကသာမြို့နယ်ထဲရှိ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ အကျဉ်းဦးစီးဌာနရှိ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေကို ပြည်သူနဲ့ပူးပေါင်းရန် ဆန္ဒရှိနေသူတွေကို ကူညီပေးနေပြီး စစ်တပ်ကသူတွေ အများစုက လာရောက်ပူးပေါင်းတာများသလို ရဲနဲ့ အကျဉ်းဦးစီးက ပါဝင်တာနည်းနေသေးတယ်လို့ သူကဆိုပါတယ်။
ဒါ့အပြင် ယခုလအစောပိုင်းကလည်း ကသာမြို့နယ်အတွင်းရှိ ဆက်သွယ်ရေးတပ်က တပ်သားတဦး ပြည်သူနဲ့ပူးပေါင်းလာတဲ့အတွက် လွတ်မြောက်မြေကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သူကဆိုပါတယ်။
“ ရာခိုင်နှုန်းအရ ပြောမယ်ဆိုရင် အနည်းဆုံးကတော့ အကျဉ်းဦးစီးပဲဗျ။ ရဲကလည်း ပါတာရှိပေမယ့် အများဆုံးကတော့ တပ်ကပဲဗျ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့နယ်မှာ လှုပ်ရှားနေတဲ့ တပ်ကသူတွေက ဧရာဝတီ၊ မွန်၊ ကရင်ဖက်ကသူတွေ များတယ်။ တချို့ဘယ်ပြန်မှာလည်း မေးရင်တောင် ပြန်စရာနေရာ မရှိတာတွေလည်း ကြုံရတယ်။ တပ်ထဲ ဘာမှမသိဘဲ အတင်းဆွဲသွင်းခံရတဲ့ သူမျိုးတွေပေါ့ အဲလိုလူတွေက များတယ် “ လို့ သူကပြောပါတယ်။
လက်ရှိ ကသာမြို့နယ်မှာ စစ်ကြောင်းထိုးလှုပ်ရှားနေတာက စစ်ကောင်စီ လက်အောက်ခံ တပ်မ (၈၈) ဖြစ်သလို တခြားတပ်တွေလည်း ရှိသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကသာမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ စတင်ပြီး လက်ရှိအချိန် စစ်ကောင်စီလက်အောက်မှာ မလုပ်ချင်တဲ့အတွက် CDM ပြုလုပ်လာတဲ့ စစ်သား၊ ရဲနဲ့ အကျဉ်းဦးစီး ဝန်ထမ်းပေါင်း ၁၀၇ ဦးလောက်ရှိပြီး မိမိအစီအစဉ်နဲ့ ထွက်လာတာလည်း ရှိတဲ့အတွက် ယခုထက်လည်း စာရင်းတွေ ပိုနိုင်တယ်လို့ အဲဒီအရေးကိစ္စတွေကို ကူညီလုပ်ကိုင်ပေးနေသူက ဆိုပါတယ်။
“ လွတ်လပ်မြေမှာ CDM တွေအတွက် စခန်းတွေ ဖွင့်ပေးထားတာ ရှိတယ် အဲဒီကို အဓိကပို့ပေးရတယ်။ ကျနော်လုပ်ပေးတဲ့ အထဲမှာကို ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်တွေ အပါပေါ့၊ တခြားအဆင့်တွေလည်း ရှိတယ်။ နည်းနည်းတွေးတက်တဲ့ သူကတော့ ပါလာတာများပါတယ်။ အပေါ်က ခိုင်းသမျှ ဘာမှာ နားမလည်ပဲ လုပ်မယ်ဆိုတဲ့ကောင်တွေလည်း ကျန်သေးတာပေါ့ “ လို့ သူကဆိုပါတယ်။
အဲဒီ ၁၀၇ ဦးအနက်မှာ စစ်တပ်ကနေ CDM ဝင်ရောက်လာသူမှာ ရှစ်ဆယ် ရာခိုင်နှုန်းလောက် ပါဝင်ခဲ့ပြီး ကျန် နှစ်ဆယ် ရာခိုင်နှုန်းကတော့ ရဲနဲ့ အကျဉ်းဦးစီးဌာနက ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်နက်နဲ့ တကွ CDM ဝင်ရောက်လာသူ လေးဦးပါဝင်ခဲ့သလ်ို အဲဒီလူတွေအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ မူဝါဒနဲ့အညီ ကူညီထောက်ပံ့တာတွေ လုပ်ပေးနိုင်ခဲ့တယ်လို့ ပြောဆိုပေမယ့် ဘယ်လောက်ထောက်ပံ့တယ်ဆိုတာ မပြောကြားပါဘူး။
NUG က ဘယ်သူမဆို စစ်ကောင်စီကိုစွန့်ခွာပြီး စစ်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ဆို ကျပ်သိန်းတသောင်း၊ စစ်လေယာဉ်၊ စစ်သင်္ဘောတွေ ဖျက်စီးရင် ကျပ်သိန်းခြောက်ထောင်နဲ့ တင့်ကား၊ သံချပ်ကာကား ဖျက်စီးနိုင်ရင် ဒါမှမဟုတ် ယူလာနိုင်ရင် ကျပ်သိန်းနှစ်ထောင် ချီးမြှင့်မယ်လို့ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ ဧပြီလက ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် လက်နက်နဲ့ CDM ပြုလုပ်သူတွေကိုလည်း ပျှမ်းမျှ ငွေကျပ် သိန်းငါးဆယ်ဝန်းကျင် ဆုကြေးအဖြစ် ပေးနေတာကိုလည်း တွေ့ရပါတယ်။
စစ်ကောင်စီက သူတို့လက်အောက်ရှိ တပ်သားတွေ ထွက်မပြေးနိုင်ရန်အတွက် မှတ်ပုံတင်တွေကို သိမ်းဆည်းထားသလို ထွက်ပြေးရင် မိသားစုဝင်တွေကို အန္တရာယ်ပြုမယ်လို့ ခြိမ်ခြောက်ထားလေ့ ရှိတယ်လို့ သူကဆက်ပြောပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM)ကို အာဏာသိမ်းပြီးနောက် ပါဝင်ခဲ့သူဝန်ထမ်းပေါင်း လေးသိန်းကျော်လောက်ရှိပေမယ့် စစ်အုပ်စုရဲ့ ဖိအားပေးခြိမ်ခြောက်မှုကြောင့် မူလဌာနများသို့ ပြန်လည်ဝင်ရောက်ခဲ့သူတွေလည်း ရှိခဲ့တာပါ။
လက်ရှိ နိုင်ငံတဝန်းမှာ CDM အရေအတွက် သုံးသိန်းကျော်လောက်ရှိမယ်လို့ NUG ဖက်က ထုတ်ဖော်ပြောဆိုထားပါတယ်။
အဲဒီအထဲမှာ စစ်ကောင်စီတပ်က စစ်သား ၃၂၃၆ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၂၃ ၂၇ စုစုပေါင်း ၁၅၅၆၃ ဦး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – MOD