တရားမျှတမှုအတွက် ပေါ်ပေါက်လာတဲ့ တော်လှန်ရေး

ဇူလိုင်၊ ၁၇
 
“ အမေစုအတွက် ဆိုပြီးတော့ ကျွန်တော်တို့ လက်နက်ကိုင်ဖို့ (စစ်)သင်တန်း သွားတက်ခဲ့ပါတယ် ” သူ့ကိုယ်သူမျိုး ထက်အောင်ပါလို့ မိတ်ဆက်ပေးတဲ့ လူငယ်တယောက်က အဲ့ဒီလိုပြောတယ်။
 
လူမှုကွန်ရက်ပေါ်ရောက်လာတဲ့ အဲ့ဒီရုပ်သံဖိုင်ထဲက လူငယ်ရဲ့ နောက်ဘက်မှာတော့ PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူတွေကို အုပ်ထိန်းသူတွေဆီ လွှဲပြောင်းပေးတဲ့ အခမ်းအနားလို့ စာတန်းချိတ်ဆွဲထားတာလည်း တွေ့ရပါတယ်။
 
အထက်ပါလူငယ်က အခုလို ဆက်ပြောပါသေးတယ်။
 
“ ဒါပေမယ့် အမေစုက CRPH တို့ NUG တို့ PDF တို့ကို သူဖွဲ့စည်းထားတဲ့ အဖွဲ့ မဟုတ်ဘူး၊ သူလည်း ထောက်ခံထားတာ မဟုတ်ဘူးဆိုပြီးတော့ ပြောပါတယ်၊ ကျွန်တော်တို့သိတော့ စိတ်လည်း မကောင်းဘူး၊ ဝမ်းလည်း နည်းတယ် ” လို့ ဆိုပါတယ်။
 
သူ့နောက်ကျောဘက် အခမ်းအနားစင်မြင့်မှာ ရေးထိုးထားတဲ့ စာသားတွေအရ ဇူလိုင် ၁၅ ရက်မှာ အဲ့ဒီအခမ်းအနား ကျင်းပခဲ့ပုံရပါတယ်။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လို့လည်း ရေးထိုးထားတာကြောင့် မန္တလေး နန်းတွင်းမှာ လုပ်ခဲ့တဲ့ပွဲဖြစ်ကြောင်း သိနိုင်ပါတယ်။
 
ဆိုခဲ့တဲ့ ရုပ်သံထဲက လူငယ်ပြောသွားတဲ့ စကားလုံးတွေဟာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းအပေါ် အခြေခံပါတယ်။
 
အလင်းဝင်လာတဲ့ PDF သင်တန်းဆင်းလို့ဆိုတဲ့ အဲ့ဒီလူငယ်က အခုလိုမပြောခင် လေးရက်အလို ဇူလိုင် ၁၁ ရက်မှာ PanOrient News သတင်းဌာနက ဖော်ပြခဲ့တဲ့ အချက်တွေကို သူက ပြန်ကိုးကားပြောခဲ့တာပါ။
 
ဒေါ်အောင်ဆန်းစုကြည်ဟာ PDF ၊ NUG တို့ကို အသိအမှတ်မပြု မထောက်ခံတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြောခဲ့တယ်လို့ အဲ့ဒီသတင်းမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ကြောင်း သတင်းထောက်တွေကို အတည်ပြုရာမှာတော့ စောစောက သတင်းဖော်ပြချက်ထဲက ကိစ္စတွေကို ပြောမသွားပါဘူး။
 
PanOrient News သတင်းဌာနတည်ထောင်သူ ဆီးရီးယားနိုင်ငံသားဟာ မကြာသေးခင် လပိုင်းအကြာ မေလ အတွင်းကမှ နေပြည်တော်ကို လာခဲ့ပြီး စစ်ကောင်စီဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့သူ ဖြစ်ပါတယ်။
 
ပြန်ဆက်စပ်ကြည့်ရင် စစ်ကောင်စီနဲ့ အဲ့ဒီလို ပတ်သက်ဆက်နွယ်မှုရှိတဲ့ သတင်းဌာနတခုက ကျိုးကြောင်းမခိုင်လုံတဲ့ အဲ့ဒီသတင်းဖော်ပြချက် ထွက်ပေါ်လာပြီးနောက် လေးရက်အကြာမှာ စစ်ကောင်စီက အလင်းဝင် PDF တွေကို အုပ်ထိန်းသူတွေဆီ ပြန်အပ်တဲ့ပွဲတခု လုပ်ပါတယ်။
အဲ့ဒီပွဲမှာ အလင်းဝင် PDF လို့ဆိုသူ မျိုးထက်အောင်ဆိုတဲ့ လူငယ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားတွေကြောင့် ဝမ်းနည်းရပြီး အလင်းဝင်ခဲ့တာလို့ ပြောပါတယ်။ မလွယ်လွန်း၊ မမြန်လွန်းဘူးလား လို့ မေးခွန်းထုတ်ဖို့တောင် ခပ်ရွံ့ရွံ့ရယ်ပါ။
 
တကယ်တမ်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမှန်တကယ် တွေ့ဆုံနိုင်ခဲ့ကြသလား ဆိုတာတောင် မသေချာမရေရာတဲ့ အခြေအနေပါ။
 
စစ်ကောင်စီက အတည်ပြုထားတဲ့တိုင် တော်လှန်ရေးအင်အားစု တွေသာမက လူထုကြားမှာပါ ဒီဖြစ်ရပ်အပေါ် သံသယတွေ ရှိနေကြချိန်မှာပဲ စစ်ကောင်စီကတော့ အဲ့ဒီလို မြန်မြန်ဆန်ဆန် ဝါဒဖြန့်ဖို့ ကြိုးစားခဲ့တာပါ။
 
အကယ်၍ တကယ်ပဲ တွေ့ဆုံမှု ရှိခဲ့တယ်ဆိုရင်တောင် စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ကိုယ်တိုင်က ဘာတွေဆွေးနွေးခဲ့ကြတယ်ဆိုတာ အသေးစိတ်မသိရဘူးလို့ ထုတ်ပြောထားပါတယ်။
ဒါဆိုရင် စစ်ကောင်စီဟာ မသေချာ၊ မရေရာတဲ့ အကြောင်းပြချက်တွေ လျှောက်ပြောပြီး PDF သင်တန်းဆင်းပါလို့ ကိုယ့်ကိုယ်ကိုယ်ပြောလာသူတွေကိုပါ အလင်းဝင်လာသူတွေအဖြစ် လက်ခံနေသလား ဆိုတာလည်း မေးစရာရှိလာပြန်ပါသေးတယ်။
 
လူထုအနေနဲ့ ဒီဖြစ်ရပ် အခြေအနေတွေကနေ သေသေချာချာ ရှင်းရှင်းလင်းလင်း သိနိုင်မြင်နိုင်တာကတော့ စစ်အုပ်စုဟာ လူထုတော်လှန်ရေးကို ပုံဖျက်ဖို့၊ တော်လှန်ရေးရဲ့ အရှိန်အဝါကို သေးသိမ်သွားစေဖို့ နည်းမျိုးစုံနဲ့ ကြိုးစားအားထုတ်နေတယ်ဆိုတာပါ။
 
စစ်အုပ်စုဟာ သမိုင်းတလျှောက်ဖြစ်ခဲ့သမျှ လူထုအုံကြွမှုနဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေတိုင်းကို တစု တဖွဲ့၊ တပါတီရဲ့ လှုပ်ရှားမှုအဖြစ် ပုံဖျက် တံဆိပ်ကပ်ဖို့လည်း ခေတ်အဆက်ဆက် ကြိုးစားခဲ့ကြပါတယ်။
 
စစ်ခေါင်းဆောင်တွေရင်ထဲမှာ လူထုတော်လှန်ရေးအဖြစ် သိနေကြပြီး လူထုတရပ်လုံးကို အကြောက်တရားနဲ့ ဖိနှိပ် တော်လှန်စိတ်တွေကို ချွန်းအုပ်ဖို့ ကြိုးစားနေသည့်တိုင်အောင် အနှစ်သာရအားဖြင့် လူထုတော်လှန်ရေးလို့ ဝန်မခံ၊ အသိအမှတ်မပြုချင်တဲ့အပြင် လူထုတော်လှန်ရေးအဖြစ် ပုံပေါ်သွားမှာလည်း စိုးရိမ်ပါတယ်။
 
ဒါကြောင့်ပဲ ခေတ်အဆက်ဆက် တော်လှန်ရေး လှုပ်ရှားမှု မှန်သမျှကို နည်းမျိုးစုံ တံဆိပ်ကပ် ပုံဖျက်ခဲ့သလို လက်ရှိ နွေဦးတော်လှန်ရေးကိုလည်း NLD နဲ့ စစ်တပ်ကြားက ပဋိပက္ခအဖြစ် တလျှောက်လုံး ပုံဖော်နေခဲ့တာဖြစ်ပါတယ်။
 
အခုလို သူတို့ကိုယ်တိုင် ချောင်ပိတ်မိလာတဲ့ အခြေအနေမှာတော့ တော်လှန်ရေးရဲ့ ကြီးမားတဲ့ အင်အားအရှိန်အဟုန်နဲ့ ကျယ်ပြန့်မှုတွေကို သေးသိမ်သွားဖို့ စစ်အုပ်စုက ပိုပြီးအလိုရှိနေပါတယ်။
 
ပြည်တွင်းမှာ လက်မခံကြရင်တောင် နိုင်ငံတကာ အသိုင်းအဝိုင်းဆီ စစ်တပ်နဲ့ NLD ပါတီကြားက ပြင်းထန်တဲ့ နိုင်ငံရေး ပွတ်တိုက်မှုတွေသာ ဖြစ်တယ်လို့ သတင်းပေးနိုင်ဖို့ စစ်ကောင်စီက နည်းမျိုးစုံ ဝါဒဖြန့် သတင်းတွေ ပေးနိုင်ဖို့ ကြိုးပမ်းနေတာပါ။
 
အမေစု အတွက် စစ်သင်တန်းသွားတက်ခဲ့တယ်ဆိုတဲ့ စောစောကအပြောမျိုးဟာ စစ်အုပ်စုက ကြိုတင်ရေးသားထားတဲ့ ပေါပေါပဲပဲ ဇာတ်ညွှန်းတခုမှန်း မြန်မာလူထုကတော့ နောကြေနေကြပါပြီ။
 
နွေဦးတော်လှန်ရေးဟာ စစ်အုပ်စုကျူးလွန်ခဲ့သမျှ လူမဆန်မှုတွေအတွက် တရားမျှတမှုရဖို့ ဦးတည်တဲ့ လူထု တော်လှန်ရေးဆိုတာ ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ တရားမျှတမှုနေ့ကို သက်သေပြုပြီး ပြောရပါလိမ့်မယ်။
 
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေကို ကျုးလွန်တဲ့ ရာဇဝတ်သားတွေကို ဥပဒေကြောင်းအရ တရားစီရင်နိုင်မယ့် အခြေအနေတခုကို ၁၉၉၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ စတင်ဖော်ဆောင်နိုင်ခဲ့ပါတယ်။
 
လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ တရားစီရင်နိုင်ဖို့ ကနဦး ခြေလှမ်းဖြစ်တဲ့ ရောမဥပဒေသ ကို အဲ့ဒီနေ့မှာ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။
 
ဒီရောမဥပဒေသအရပဲ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ကို ထူထောင်နိုင်ခဲ့တာဖြစ်ပြီး ဒီတရားရုံးကနေ အရေးယူ နိုင်ခဲ့သူတွေလည်း ရှိခဲ့ပြီးပါပြီ။ လက်ရှိ မြန်မာစစ်ခေါင်းဆောင်တွေကို ICC ကို တင်ပို့အရေးယူဖို့ တိုက်တွန်း တောင်းဆိုသံတွေလည်း ပြည်တွင်းမှာရော ပြည်ပမှာပါ ကျယ်ကျယ်လောင်လောင်ရှိနေပါတယ်။
 
တကယ်တမ်းလက်တွေ့အနေနဲ့ စစ်ခေါင်းဆောင်တွေကိ ICC တရားခွင်ထဲ ပို့နိုင်ပါ့မလားဆိုတာ ပြောဖို့အလှမ်းဝေးနေပါသေးတယ်။
 
နွေဦးတော်လှန်ရေးကတော့ စစ်ခေါင်းဆောင်တွေရဲ့ မတရား အာဏာလုယူမှု၊ ကြမ်းကြုတ်ရက်စက်မှု တွေအတွက် ပေါ်ပေါက်လာတဲ့ တော်လှန်ရေးဆိုတာကိုတော့ တော်လှန်ရေးရဲ့ သက်ရောက်မှုတွေကို လက်တွေ့ရင်ဆိုင်ကျော် ဖြတ်ကြံ့ကြံ့ခံနေကြတဲ့ မြန်မာလူထုက သက်သေခံပေးပါလိမ့်မယ်။
 
ကမ္ဘာ့သမိုင်းမှာ အပြည်ပြည်ဆိုင်ရာ တရားမျှတမှုနေ့ရယ်လို့ ရှိနေသလို မြန်မာ့ သမိုင်းမှာ လည်း တရားမျှတမှု အထိမ်းအမှတ်နေ့ တနေ့ ပေါ်ပေါက်လာဖို့အတွက် နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြတယ်လို့သာ ဆိုရပါလိမ့်မယ်။