ဇူလိုင်၊ ၁၄
နိုင်ငံတွင်းမှာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး နဲ့ ပတ်သတ်ပြီး အပြည့်အဝဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ဖို့အတွက် လိုအပ်ချက်များစွာ ရှိနေသေးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဇူလိုင်လ ၁၃ ရက်က မနေ့က ပြောကြားလိုက်ပါတယ်။
မဲစာရင်းအကြောင်းကာ စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းပြီး အရေးပေါ်ကာလ ကြေညာတာ နှစ်နှစ်သက်တမ်း ကုန်ဆုံးသွားပေမဲ့ သာမန်မဟုတ်တဲ့ အခြေအနေဆိုပြီး နောက်ထပ်ခြောက်လ ဆက်လက်သက်တမ်းတိုးထားတာပါ။
အဲဒီအရေးပေါ်ကာလဟာလည်း လာမယ့်ဇူလိုင်လ ၃၁ ရက်မှာ ကုန်ဆုံးဖို့ နှစ်ပတ်ကျော်အလိုမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က နေပြည်တော်က စစ်ကောင်စီအစိုးရအဖွဲ့ အစည်းအဝေးမှာ အခုလို လေသံပစ်ပြောဆိုလာတာပါ။
” သူမကြာသေးခင်က ရခိုင်မှာ ပြောသွားတဲ့ စကားအသွားအလာအရတော့ ခြေနေတွေက ရွေးကောက်ပွဲလုပ်ဖို့အတွက် သူတို့ထိန်းချူပ်နိုင်တဲ့ အခြေအနေမရှိသေးဘူးလို့ ပြောသွားတယ်။ ကြည့်ရတာတော့ အခုခြောက်လသက်တမ်းကုန်သွားတဲ့အခါမှာ ထပ်တိုးလိမ့်မယ်လို့ ကျနော်ယူဆတယ် ” လို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက ဆိုပါတယ်။
စစ်ခေါင်းဆောင်ကတော့ ဒီနှစ်၂၀၂၃ ခုနှစ်အတွင်းမှာတော့ ဇူလိုင်လ ၁၁ ရက်အထိ အကြမ်းဖက်ဖောက်ခွဲဖျက်စီးမှု ၄၈၉ ကြိမ်၊ သေဆုံးသူ ၇၈၂ ဦးရှိပြီး အကြမ်းဖက်ဖြစ်စဉ် လျော့သွားပေမယ့် ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ မနေ့က အစည်းအဝေးမှာ ဆိုပါတယ်။
အကြမ်းဖက်မှု ဖြစ်စဉ်တွေထဲမှာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့က အဆိုးဆုံးဖြစ်တဲ့အတွက် ပြည်သူ့လုံခြုံရေးအတွက် အခုထက်ပိုမိုဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးတာဖြစ်ပေါ်ခဲ့တယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ NUG နဲ့ PDF တို့ကြောင့် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အပါအဝင် လူပေါင်း ၆,၀၉၁ ဦး အသတ်ခံထားရတယ်လို့ ဇူလိုင်လ ၆ ရက်က ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် ၂၀၂ဝပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်ပါတီကတော့ မဲစာရင်း အကြောင်းပြပြီး အာဏာသိမ်းတာဟာ တရားမဝင်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းတယ် ကြေညာထားတာလည်း ရှိပါတယ်။
” အာဏာစသိမ်းကတည်းက တရားမဝင်ဘူးဆိုတာ ကျွန်တော်တို့ ကြေညာထားပြီးသားပါ။ အဲဒီမူအတိုင်းပဲ ကျွန်တော်တို့ ဆက်လက်ကိုင်ဆောင်ထားဆဲ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာရှိတဲ့ ပြစ်မှုတွေအားလုံးကို သူတို့ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ” လို့ ဒီချုပ်ပါတီ၊ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ)အစည်းအဝေးမှာ မြို့နယ်ပေါင်း ၃၃ဝ အနက် ၁၉၈ မြို့နယ်မှာ ရာနှုန်းပြည့် ထိန်းချုပ်နိုင်ပေမယ့် လုံခြုံရေးအလေးထား ဆောင်ရွက်ရမှာ ၆၇ မြို့၊ ထိထိရောက်ရောက်ဆောင်ရွက်ရမှာ ၆၅ မြို့နယ်ရှိတယ်လို့ စစ်ခေါင်းဆောင်က ပြောထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာလုံကို သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ လွှတ်တော်ဥက္ကဌ နှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေး၊ နယ်စပ်နဲ့ ပြည်ထဲရေးဝန်ကြီး စုစုပေါင်း ၁၁ ဦးနဲ့ ဖွဲ့စည်းထားတာပါ။
အာဏာသိမ်းစစ်ကောင်စီ ကတော့ ဒုတိယသမ္မ တဦးမြင့်ဆွေ ကို ယာယီသမ္မတ ဦးမြင့်ဆွေအဖြစ် ကာလုံအစည်းအဝေးခေါ်ယူစေပြီး ဒုတိယသမ္မတနဲ့ အမျိုးသားလွှတ်တော်ဥက္ကဌတို့ မပါအဝင်ဘဲ အာဏာသိမ်းခေါင်းဆောင်အပါအဝင် ကျန်တဲ့ အဖွဲ့ဝင်တွေနဲ့ ကျင်းပတာ တွေ့ခဲ့ရပါတယ်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကတော့ ကျန်းမာရေးအကြောင်းပြ မတက်ရောက်တာဖြစ်သလို အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း ကတော့ လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေတာပါ။
ဒါ့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ သာမန်မဟုတ်တဲ့ အခြေအနေဆိုပြီး အရေးပေါ်ကာလ သက်တမ်းကို ခြောက်လ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့ပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒနဲ့ မညီဘူးလို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
ဒါပေမယ့်စစ်ကောင်စီခန့် ဥပဒေရေးရာဝန်ကြီး ဒေါက်တာသီတာဦးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သာမန်အားဖြင့် ဆိုတဲ့ အသုံးအနှုန်းတဲ့ အခြေအနေကို လေ့လာကြည့်ရင် အခုအချိန်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေ၊ သာမန်မဟုတ်တဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားရမယ်လို့ ပြောထားပါသေးတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ကလည်း အဲဒီလိုသက်တမ်းတိုးတာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်တယ်လို့ သဘောထားပေးတဲ့အကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားပါသေးတယ်။
” နိုင်ငံရေးအရ ရွေးကောက်ပွဲကျင်းပနိုင်မယ့် အချိန်၊ ပြည်သူလူထုက လွတ်လွတ်လပ်လပ်နဲ့ သူတို့လိုလားတဲ့ နိုင်ငံရေးပါတီကို မဲပေးရွေးချယ်နိုင်တဲ့ နိုင်ငံရေးတရပ် မရောက်မချင်းကတော့ သူတို့အခြေခံဥပဒေအပိုဒ်ကို အသုံးပြုပြီး သက်တမ်းထပ်တိုးနေမှာပဲလို့ မြင်ရတယ် ” လို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်း က ဆိုပါတယ်။
တနိုင်ငံလုံးအနှံ့ လက်နက်ကိုင်တော်လှန်ရေး အင်အားပိုမိုကောင်းမွန်လာပြီး စစ်ကောင်စီထိန်းချုပ်နယ်မြေ အရင်ကထက် ပိုမိုကျဉ်းမြောင်းလာတာ၊ နိုင်ငံတကာကလည်း ရွေးကောက်ပွဲကို အလျင်စလိုမလုပ်ဖို့ သတိပေးထားတာတွေဟာ အရေးပေါ်အခြေအနေကြေညာတာကို ရုပ်သိမ်းပြီး ရွေးကောက်ပွဲကျင်းပဖို့ အခက်အခဲတရပ်ဖြစ်နိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။
ဒါ့အပြင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး စစ်တပ်က အာဏာအပြီးတိုင်သိမ်းလိုက်တာမျိုးကိုလည်း လုပ်ဆောင်တာလည်း ရှိနိုင်ပေမယ့် ဖြစ်နိုင်ခြေနည်းတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။
” တနိုင်ငံလုံးကို စစ်အုပ်ချုပ်ရေး ကြေငြာပြီး အာဏာအပြီး သိမ်းတာမျိုးလည်း လုံခြုံရေးအရ အချုပ်အခြာတည်တံံ့ခိုင်မြဲရေးအတွက် လုပ်မယ်ဆို လုပ်လို့ရပါသေးတယ်၊ လုပ်နိုင်ခြေတော့ နည်းမယ်လို့ ယူဆပါတယ် ” လို့ နိုင်ငံရေးလေ့လာသူ ဦးစိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ