ဇူလိုင် ၊ ၁၃
မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်တို့မှာ အခြေစိုက်တဲ့ နတ်ဆိုးမြေအောက် တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်နတ်ဆိုးနဲ့အဖွဲ့ဝင်အမျိုးသမီးတဦးအခုရက်ပိုင်းမှာပဲ ဖမ်းဆီးခံလိုက်ရတယ်လို့ နီးစပ်တဲ့တော်လှန်ရေးအင်အားစုတွေက အတည်ပြုပြောဆိုပါတယ်။
‘’ သူနဲ့အတူဆေးကုပေးနေတဲ့ ဆရာမတယောက်လည်းအဖမ်းခံလိုက်ရတယ်။ မန္တလေးမှာဆေးကုဖို့သွားတဲ့အချိန်အဖမ်းခံလိုက်ရတာပါ။ တော်လှန်ရေးသမားဆိုတော့ မိုင်းတွေယမ်းတွေအသုံးပြုတော့ သူရဲ့နားကအဆင်မပြေဖြစ်တာ အဲဒါကိုဆေးကုဖို့သွားတာ’’ လို့ နီးစပ်တဲ့အဖွဲ့ဝင်တဦးကပြောပါတယ်။
ဖမ်းဆီးမှုနဲ့ပတ်သက်လို့ ဇူလိုင် ၈ရက်မနက်ပိုင်းမှာ မန္တလေးချမ်းအေးသာစံမြို့နယ်၊ဟေမာဇလရပ်ကွက်၊ လမ်း(၃၀)၊ ၇၇ လမ်းနဲ့ ၇၈ ကြားမှာ ရှိတဲ့ “မဟာ” ဆေးခန်းမှ ငြိမ်းချမ်းအောင်(ခ) အားသစ်(ဗိုလ်နတ်ဆိုး) နဲ့ ပပဝင်း ဆိုသူ အမျိုးသမီးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုကလည်း သတင်းထုတ်ပြန်ထားပါတယ်
ဗိုလ်နတ်ဆိုးဦးဆောင်တဲ့အဖွဲ့က ပုသိမ်ကြီးမြို့နယ်အတွင်းမှာ ဖောက်ခွဲပစ်ခတ်မှုတွေလုပ်ခဲ့ပြီး အဖွဲ့ဝင် အယောက် ၂၀ ကိုလည်းဖမ်းဆီးဖို့ကျန်နေသေးတယ်လို့ စစ်အုပ်စုက စွပ်စွဲထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာလည်း ဒီလအစောပိုင်းကတည်း ဗိုလ်နတ်ဆိုးရဲ့ လက်ဖမိုးမှာ ဆေးမျင်ကြောင်းထိုးထားတဲ့အတွက် ဖမ်းဆီးရန်လွယ်ကူကြောင်းနဲ့ မြို့အဝင်အထွက်တွေမှာရှိတဲ့ CCTV တွေကတဆင့်ခြေရာခံဖို့ တွန်းအားပေးရေးသားတာတွေလုပ်ဆောင်ခဲ့ကြပါတယ်။