စစ်ရေးအဆုံးအဖြတ်နှစ်လို့ NUG ထုတ်ပြောထားတဲ့ နှစ်တဝက်ကျော်ကာလမှာ တနင်္သာရီတိုင်းအတွင်း ဘာတွေဖြစ်နေလဲ

မြန်မာနိုင်ငံရဲ့ တောင်ဘက်စွန်း တနင်္သာရီတိုင်းမှာ အခု ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း အရင်နှစ်တွေကထက် တိုက်ပွဲပိုများလာပြီး စစ်ကောင်စီတပ်ကို တန်ပြန်တိုက်ခိုက်နိုင်တာတွေ ရှိလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အခု ၂၀၂၃ ခုနှစ်ကို စစ်ရေးအရှိန်မြှင့်မယ့် နှစ်တနှစ်ဖြစ်သလို အဆုံးသတ်တိုက်ပွဲကာလနှစ်အဖြစ်လည်း NUG က ထုတ်ပြောထားပြီး တနင်္သာရီတိုင်းအတွင်းမှာတော့ အရင်နှစ်တွေက စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ခုခံရုံသာ တတ်နိုင်ခဲ့ပေမယ့် အခုနှစ်ဝက်အတွင်းမှာတော့ စစ်ကောင်စီတပ်စခန်းကုန်းတွေ၊ တပ်ရင်းတွေအထိ တန်ပြန်တိုက်ခိုက်တာ၊ ပျူစောထီးစခန်းတွေကို သိမ်းပိုက်ပြီး ဖျက်ဆီးနိုင်တာတွေ လုပ်လာနိုင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောဆိုပါတယ်။
စိုးမိုးနယ်မြေတွေလည်း အရင်ကထက် ပိုများလာပေမယ့် လက်နက်အင်အား နည်းနေသေးတာကြောင့် စစ်ကောင်စီတပ်တွေ ဝင်လာလို့မရအောင် အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ အနေအထားတော့ နည်းနေသေးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဆိုပါတယ်။
 
” အရင်ကဆိုရင် စစ်ကောင်စီက ထိုးစစ်ဆင်တာကိုပဲ တန်ပြန်ပြန်တိုက်တာမျိုးတွေ၊ ပြီးရင် ပြောက်ကျားနည်းနဲ့ တိုက်ခိုက်တာမျိုးတွေ လုပ်ခဲ့တာပါ။ ဒီနှစ် နှစ်ဝက်ထဲမှာတော့ သူတို့ရဲ့ စိုးမိုးကုန်း နယ်မြေတွေကို ကျနော်တို့က သွားပြီးတော့ တိုက်ခိုက်တာမျိုးတွေ၊ သူတို့ရဲ့ တပ်ရင်းအထိပါ တိုက်ခိုက်တာမျိုးတွေ လုပ်နိုင်ခဲ့တယ်။ စခန်းသိမ်းနိုင်တဲ့အထိ မရှိပေမယ့်လည်း ပျူစခန်းငယ်တွေကို သိမ်းနိုင်တာမျိုးတွေ ရှိခဲ့တယ်။ သိမ်းပိုက်ခဲ့တယ်၊ ပြီးရင်ဖျက်သိမ်းခဲ့တယ်။ ဖျက်သိမ်းပြီးတော့ အဲမှာစိုးမိုးထားနိုင်လား ဆိုတော့လည်း စိုးမိုးထားနိုင်ခြင်း မရှိဘဲ ဖျက်သိမ်းပြီးတော့ ကျနော်တို့ဘက်က အဲဒီစခန်းတွေကို အောင်မြင်ခဲ့တာတွေ ရှိခဲ့တယ် ” လို့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
အနီးစပ်ဆုံးဖြစ်တဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးအဖွဲ့တွေရဲ့ တပ်စခန်းတွေကို သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့ ဇွန်လက သရက်ချောင်းမြို့နယ် အတွင်း ဖြစ်ပွားခဲ့ပါတယ်။
 
သရက်ချောင်းမြို့နဲ့ နှစ်မိုင်လောက်သာဝေးတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ တပ်စခန်းငယ်တခုကို ဇွန်လ ၁၂ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်တဲ့အချိန် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားခဲ့လို့ အဲဒီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တာပါ။
 
ဒါ့အပြင် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသက ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းက စစ်ကောင်စီတပ်စခန်းကိုလည်း မေလ ၄ ရက်နေ့ မနက်အစောပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကိုးဖွဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အထိနာလို့ ဂျက်ဖိုက်တာနဲ့ပါ ဗုံးကြဲစစ်ကူပေးခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ အထိအခိုက် မရှိခဲ့ပါဘူး။
အလားတူပဲ မေလ ၂၈ ရက်နေ့ကလည်း ရေဖြူမြို့နယ်၊ ကလိန်အောင်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၄၀၉ နဲ့ ၄၁၀ တပ်ရင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
 
ပုလောမြို့နယ်ထဲမှာတော့ ပုလောမြို့နဲ့ လေးမိုင်လောက်သာဝေးတဲ့ ကျောင်းနိမ့်ကျေးရွာအထိ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပုလော-မြိတ် ကားလမ်းတလျှောက်က ကျေးရွာတွေကိုလည်း စစ်ကောင်စီဘက်က အပြည့်အဝ မထိန်းချုပ်နိုင်တော့ဘဲ အဲဒီရွာတွေမှာ အပြန်အလှန်တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
” စစ်ကောင်စီဘက်ကတော့ ထိုးစစ်ဆင်တွေ ဆင်လာလည်း သူတို့အထိနာပြီး ပြန်ကြတာပါပဲ၊ နောက်ပြီးတော့ တခုက လူလေးနည်းနည်းနဲ့ မလာရဲတော့ဘူး၊ အနည်းဆုံး တရာ နှစ်ရာလောက်ရှိမှ ပြီးရင် လက်နက်ကြီးတွေ ရှိမှ၊ လူအင်အား လက်နက်အင်အား အသာစီးကရှိမှ သူတို့က လှုပ်ရှားရဲတော့တာပေါ့။ ပြီးရင်လည်း ဘယ်ရွာကိုမှ သူတို့သိမ်းပိုက်ထားနိုင်တာမျိုး မဟုတ်ဘဲနဲ့ ရွာစဥ်လှည့်ပြီးတော့ အဝင်အထွက်ဆိုတဲ့ ပုံစံမျိုးပဲ သူတို့လုပ်နိုင်တာပေါ့။ သူတို့ နေရာအတည်တကျ စိုးမိုးထားနိုင်တာမျိုး မရှိပါဘူး ဒီနှစ်ထဲမှာပေါ့ ” တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ပြီးတဲ့ ဇွန်လ ၁၆ ရက်နေ့ကပဲ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိနေတဲ့ တနင်္သာရီမြို့နယ်၊ ကော်တောရွာဘက်ကို စစ်ကြောင်းထိုးဖို့ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်တာကြောင့် အထိနာပြီး အဲဒီရွာဘက် မရောက်ခင် ပြန်လည်ဆုတ်ခွာသွားခဲ့ရပါတယ်။
ဒေသကာကွယ်ရေးတပ်တခုဖြစ်တဲ့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ ရဲ့ ငါးရက်အကြာ ပိတ်ဆို့တိုက်ခိုက်ခံခဲ့ရလို့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ငါးဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ ရန်ကုန်-ကော့သောင်း ကားလမ်းမကြီးတလျှောက် အချို့ကားလမ်းပိုင်းတွေကို စိုးမိုးနိုင်ဖို့ ကြိုးစားတာတွေလည်း တွေ့လာရပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့မှာလည်း နယ်မြေစိုးမိုးနိုင်ရေး လုပ်ဆောင်ချက်တခုအနေနဲ့ ရန်ကုန်-ကော့သောင်း ကားလမ်းပိုင်း ရေဖြူမြို့နယ်အတွင်း ခရီးသည်ကားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရှစ်ဖွဲ့ ပူးပေါင်းစစ်ဆေးခဲ့ပြီး အရပ်ဝတ်နဲ့ လိုက်ပါလာတဲ့ ရဲတပ်ကြီးတဦးကိုလည်း ဖမ်းဆီးရမိခဲ့ပါသေးတယ်။
အလားတူပဲ တနင်္သာရီတိုင်းအတွင်းက ရဲစခန်းတွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်တာတွေ ရှိနေပါတယ်။
တဖက်မှာလည်း တနင်္သာရီတိုင်းအတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာတာနဲ့အမျှ စစ်ဘေးရှောင်ပြည်သူတွေလည်း ပိုများလာတယ်လို့ သိရပါတယ်။
ဒေါနတင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ တနင်္သာရီတိုင်းအတွင်း စစ်ရှောင်ဦးရေ ငါးထောင်ကျော်လောက်သာ ရှိခဲ့ပေမယ့် အခု ၂၀၂၃ ခုနှစ်၊ ဇွန်လကုန်မှာတော့ စစ်ရှောင်ဦးရေ နှစ်သောင်းခြောက်ထောင်ကျော်အထိ ရှိလာတယ်လို့ သိရပါတယ်။
ဒေါနတင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့က ကိုယောနသံကတော့ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အပြင် စစ်တပ်က အရပ်သားတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် စစ်ရှောင်ဦးရေ ပိုများလာရတာလို့ သုံးသပ်ပါတယ်။
” အခုနောက်ပိုင်းမှာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့လည်း စိုးမိုးနယ်မြေတွေ ပိုပြီးတော့ ရရှိလာအောင် ကြိုးစားနေတာတွေတွေ့ရတယ်။ အဲဒါကို စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်တာမျိုး မဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေတဲ့ ကျေးရွာတွေ၊ ဒေသတွေ အဲဒီနေရာတွေကို ဝင်ရောက်ပြီးတော့ အဲဒီနေရာတွေမှာရှိနေတဲ့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ရှိလာတဲ့အခါကျတော့ ဒေသခံပြည်သူတွေကလည်း သူတို့ရဲ့နေရပ်မှာ မနေရဲတော့ဘဲနဲ့ ရှောင်တိမ်းရတဲ့ အခြေအနေမျိုး ဖြစ်လာတယ်ပေါ့နော်။ အဲလိုမျိုးအခြေအနေတွေကြောင့် စစ်ရှောင်ဦးရေက အရင်နှစ်တွေကထက် ပိုများလာတယ်လို့ နားလည်ပါတယ် ” လို့ ကိုယောနသံက ပြောပါတယ်။
တဖက်မှာလည်း တနင်္သာရီတိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း အကျအဆုံးများလာပြီး ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်အတွင်းမှာပဲ ကျဆုံးတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။
လက်ရှိတနင်္သာရီတိုင်းအတွင်းမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ ကွပ်ကဲမှုအောက်မှာ ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၅ ရင်း၊ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆယ်ဖွဲ့နဲ့ အခြားဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးဆယ်ထက်မနည်း ရှိပါတယ်။
 
ဓာတ်ပုံ – CJ