စာချုပ်သစ် ချုပ်မချုပ် ဆုံးဖြတ်ဖို့ အမ်ဘက်ပီကို ပီအက်စ်ဂျီ ရာဇသံပေး

ဇူလိုင် ၊ ၆

 စာချုပ်သက်တမ်း တိုးမတိုး ဆိုတာကို တိတိကျကျ ဆုံးဖြတ်ဖို့ တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပီကို ပီအက်စ်ဂျီ အသင်းက ရာဇသံ ပေးလိုက်ပါတယ်။

 အသက် ၂၄ နှစ်အရွယ် အမ်ဘက်ပီဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့ပြီး အဲဒီ စာချုပ်ကို သက်တမ်း မတိုးဖြစ်ခဲ့ဘူးဆိုရင် လာမယ့် နွေရာသီမှာ ပြင်သစ် ချန်ပီယံ ကလပ်က သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာ ဖြစ်ပါတယ်။

 ပီအက်စ်ဂျီရဲ့ ဥက္ကဋ္ဌဖြစ်သူ နက်ဆာ အယ်လ် ခီလိုင်ဖီက မန်နေဂျာသစ် လူးဝစ် အန်ရီကေးကို မီဒီယာတွေနဲ့ မိတ်ဆက်ပေးတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမ်ဘက်ပီနဲ့ ပတ်သက်လို့ အသင်းဘက်က သဘောထားကို အတိအလင်း ထုတ်ပြန်သွားခဲ့ပါတယ်။

 ပီအက်စ်ဂျီရဲ့ ရပ်တည်မှုက ရှင်းလင်းကြောင်း၊ အမ်ဘက်ပီက အသင်းမှာ ဆက်နေချင်တယ်ဆိုရင် စာချုပ်သစ်ကို လက်မှတ်ထိုးဖို့ လိုကြောင်း၊ အသင်းကလည်း သူ့ကို ဆက်လက် ထိန်းသိမ်းထားချင်ကြောင်း ခီလိုင်ဖီက ဆိုပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမား တဦးကို ပီအက်စ်ဂျီက အလွတ် ပြောင်းရွှေ့ခွင့်တော့ ပြုမှာ မဟုတ်တာ သေချာကြောင်းလည်း သူက ဆက်ပြောပါတယ်။

 အဓိပ္ပါယ်ကတော့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေရင် ပီအက်စ်ဂျီက အမ်ဘက်ပီကို အခုနွေရာသီမှာပဲ ထုတ်ရောင်းမှာ ဖြစ်ပါတယ်။ အသင်းမှာ ဆက်နေမနေ ဆိုတာကို အမ်ဘက်ပီ အနေနဲ့ လာမယ့် နှစ်ပတ်အတွင်း ဆုံးဖြတ်စေချင်ကြောင်း၊ အသင်းထက် ဘယ်သူမှ၊ ယုတ်စွအဆုံး သူကိုယ်တိုင်တောင်မှ ပိုအရေးမကြီးဘူးဆိုတာ အားလုံး နားလည်ထားသင့်ကြောင်းလည်း ခီလိုင်ဖီက သတိပေးသွားပါတယ်။

 အမ်ဘက်ပီရဲ့ စာချုပ်မှာ လိုအပ်ရင် သက်တမ်း တစ်နှစ် ထပ်တိုးပိုင်ခွင့် သတ်မှတ်ချက်ကို ထည့်သွင်းထားပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ အဲဒီလို သက်တမ်းတိုးဖို့ ဆန္ဒမရှိကြောင်း ပြောထားပြီးသားပါ။ အမ်ဘက်ပီကို စပိန်ထိပ်တန်းကလပ် ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပ နာမည်ကျော် အသင်းတော်တော်များများက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။