သူမကယ်ရင် ပုန်ကန်သူ ရုရှားကြေးစားတပ် ခေါင်းဆောင် အသက်ရှင်လမ်း မရှိဘူးလို့ ဘီလားရုစ် သမ္မတပြော

ဇွန်၊ ၂၈

ပုန်ကန်သူ ရုရှား ကြေးစားတပ်ဖွဲ့ Wagner ခေါင်းဆောင်ကို အသက် ချမ်းသာပေးဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို သူက ကြားဝင် တိုက်တွန်းပေးခဲ့ကြောင်း ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ Wagnerရဲ့ ခေါင်းဆောင် ယက်ဗ်ဂျီနီ ပရီဂေါ့ဇင်ဟာ ရုရှားစစ်တပ်ရဲ့ ဦးစီး အရာရှိတွေကို ဖြုတ်ချပစ်မယ်လို့ ကြွေးကြော်ပြီး ယူကရိန်းမှာရှိတဲ့ သူ့တပ်တွေကို မော်စကို မြို့တော်ဆီ ချီတက်စေခဲ့ပါတယ်။ ဒါပေမဲ့ ပူတင်ရဲ့ မဟာမိတ်ဖြစ်သူ လူကာရှန်ကိုရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့အတူ ရုရှား အစိုးရနဲ့ ပရီဂေါ့ဇင်ကြား သဘောတူညီမှုတွေ ရရှိပြီး ပုန်ကန်မှုကလည်း ၂၄ နာရီ အကြာမှာတင် ပြီးဆုံးသွားခဲ့ပါတယ်။

အခုအခါမှာတော့ ပရီဂေါ့ဇင်ဟာ ဘီလားရုစ်ကို ရောက်ရှိလာပြီး ခိုလှုံနေပြီလို့ လူကာရှန်ကိုက ပြောပါတယ်။ ပူတင်ကို အတိအလင်း စိန်ခေါ်တဲ့ သဘောမျိုး ပုန်ကန်မိတာက ပရီဂေါ့ဇင် အနေနဲ့ ရုတ်တရက် စိတ်ရူးထသွားတာကြောင့် ဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။

လူကာရှန်ကိုက ဆွေးနွေး ညှိနှိုင်းမှုတွေအတွင်း အပြင်းထန်ဆုံး ဆုံးဖြတ်ချက်မျိုး မချမှတ်ဖို့ ပူတင်ကို ဖျောင်းဖျ စည်းရုံးခဲ့ရကြောင်း ပြောပါတယ်။ တကယ်လို့ Wagner အကြီးအကဲကို သတ်ပစ်လိုက်မယ်ဆိုရင် စေ့စပ်ဆွေးနွေးမှုနဲ့ ပြဿနာကို ဖြေရှင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ သူက ပူတင်ကို ထောက်ပြခဲ့ကြောင်း ဘီလားရုစ် သမ္မတက ဆိုပါတယ်။

ညှိနှိုင်းမှုတွေ အတွင်းမှာ ပရီဂေါ့ဇင်က ပူတင်နဲ့ တိုက်ရိုက် စကားပြောခွင့်ရဖို့၊ ပြီးတော့ ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂျီရွှိုင်ဂူ၊ စစ်ဦးစီး အရာရှိ ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂီရာဆီမော့ဗ်တို့ကို သူ့လက်ထဲ လွှဲပေးဖို့ တောင်းဆိုခဲ့တယ်လို့ လူကာရှန်ကိုက ပြောပါတယ်။ တဖက်မှာတော့ ပူတင်က ပုန်ကန်သူ အကြီးအကဲကို အပြတ်ရှင်းပစ်ဖို့ထိ စီစဉ်ထားပြီး ဖြစ်နေခဲ့ကြောင်းလည်း လူကာရှန်ကိုက မှတ်ချက် ပေးခဲ့ပါတယ်။

နောက်ဆုံး သဘောတူညီမှုအရ ပရီဂေါ့ဇင်ဟာ ရုရှားကို စွန့်ခွာပြီး ဘီလားရုစ်မှာ သွားရောက် ခိုလှုံနေဖို့၊ သူ့ရဲ့ လုံခြုံရေးအတွက် ဘီလားရုစ်နဲ့ ရုရှား အစိုးရတွေက အာမခံချက်ပေးဖို့ လက်ခံခဲ့ပါတယ်။ Wagner အဖွဲ့ဝင်တွေကိုလည်း အရေးမယူတော့ဘဲ ရုရှားစစ်တပ်၊ ဒါမှမဟုတ် ဘီလားရုစ် စစ်တပ်တွေမှာ ဆန္ဒရှိသလို ပြောင်းရွှေ့ အမှုထမ်းဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။

လူကာရှန်ကိုက Wagner တပ်ဖွဲ့ဝင်တွေ အနေနဲ့ သူတို့ရဲ့ ခေါင်းဆောင်ဆီ လိုက်လာချင်တယ်ဆိုရင် ဘီလားရုစ် စစ်စခန်းဟောင်း တခုမှာ အခြေစိုက်ဖို့ စီစဉ်ပေးမယ်လို့လည်း အာမခံထားပါတယ်။

သူ့ရဲ့ ကြားဝင် စေ့စပ်ပေးမှုသာ မရှိခဲ့ရင် ပူတင်ဟာ ပရီဂေါ့ဇင်ကို ရုရှားကနေ အသက်ရှင်လျက်တောင် ထွက်ခွာခွင့် ပေးခဲ့မှာ မဟုတ်ကြောင်းလည်း လူကာရှန်ကိုက ထပ်လောင်း ပြောကြားသွားပါတယ်။

ရုရှားမှာ ဖြစ်ပွားခဲ့တဲ့ ပုန်ကန်မှုနဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထား အမြင်ကိုတော့ လူကာရှန်ကိုက တိတိကျကျ ထုတ်မပြောပါဘူး။ သူဟာ ဥရောပရဲ့ နောက်ဆုံးလက်ကျန် အာဏာရှင်အဖြစ် သတ်မှတ် ခံထားရပြီး ၁၉၉၄ ခုနှစ် ကတည်းက ဘီလားရုစ် သမ္မတ နေရာကို ချုပ်ကိုင်ထားပါတယ်။ လူကာရှန်ကိုဟာ အတိုက်အခံတွေကို ရက်ရက်စက်စက် ဖိနှိပ်လေ့ရှိပြီး လူ့အခွင့်အရေး၊ နိုင်ငံရေး အခွင့်အရေးတွေကို အတိအလင်း ချိုးဖောက်မှုကြောင့်လည်း နာမည်ဆိုးနဲ့ ကျော်ကြားသူတဦး ဖြစ်ပါတယ်။