ဇွန်၊ ၂၀
၁။ ၂၀၂၃ ခုနှစ်ဟာ တရုတ် – မြန်မာ ဆက်ဆံရေးအတွက် အချိုးအကွေ့ ခပ်ကြီးကြီး ဖြစ်တဲ့ နှစ်တစ်ခုလို့ မပြောနိုင်ပေမယ့် — မြန်မာ့အရေးနဲ့ပတ်သက်ပြီး တရုတ်ရဲ့ သဘောထားအထိုင် ပိုမို တည်ငြိမ်လာတယ်လို့ ပြောနိုင်တဲ့ နှစ်တစ်နှစ်လို့ ပြောရပါလိမ့်မယ်။ အကြောင်းကတော့ — ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ မြန်မာပြည်အရေးက မှန်းဆလို့ မလွယ်လောက်အောင် ရှုပ်ထွေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့အရေးနဲ့ပတ်သက်ပြီး တရုတ်ရဲ့ ရှုမြင်ပုံနဲ့ အနောက်နိုင်ငံတွေရဲ့ ရှုမြင်ပုံက — သူတို့ရဲ့ နဂိုမူလအထိုင် စဉ်းစားချက်တွေကို ပြောင်းလဲအောင် လှုံ့ဆော်ခဲ့ပါတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေး (၂) နှစ်ကျော်၊ (၃) နှစ်ကာလထဲကို ချည်းနင်းဝင်ရောက်လာချိန်မှာတော့ — တရုတ်အနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ရင် ကိုင်တွယ်ရမယ့် နည်းလမ်းကို ပိုပြီးတိတိကျကျ ရှင်းရှင်းလင်းလင်း သိလာတယ်လို့ ပြောနိုင်ပါတယ်။
၂။ တရုတ်အနေနဲ့ ကြိုက်တာ မကြိုက်တာ အပထား — မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပြည်တွင်းက အပြိုင်အင်အားစုတွေအကြား — ဘယ်သူ့ကိုမဆို ဝင်ရောက် ထိတွေ့ဖို့ တွန့်ဆုတ်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် တရုတ် စဉ်းစားတာက — အင်အားကြီးတဲ့ အပြိုင် အင်အားစုတွေကိုသာ ဦးစားပေးစာရင်းမှာ ထည့်တွက်စဉ်းစားတာ ဖြစ်ပါတယ်။ တရုတ်အနေနဲ့ NUG ကို စစ်ကောင်စီရဲ့ အပြိုင် အင်အားစုအဖြစ် ထည့်တွက်ပေမယ့် – ပါဝါအမာကို စနစ်တကျ ဆုပ်ဆုပ်ကိုင်ကိုင် တည်ဆောက်ထားနိုင်တဲ့အင်အားစုအဖြစ် မမြင်ပါဘူး။ လက်နက်ကိုင်နည်းလမ်းကို နိုင်ငံရေးဖိအားအတွက် သုံးတဲ့ နိုင်ငံရေးအင်အားစုအဖြစ်သာ ရှုမြင်ပါတယ်။
၃။ ၂၀၂၃ ခုနှစ်မှာ တရုတ်ဟာ စစ်ကောင်စီဘက်ကို အခွင့်အရေး ထပ်ပေးတယ်လို့ ယူဆရပါတယ်။ ဒါ့ပေမယ့် စစ်ကောင်စီကိုတရုတ်က ပေးတဲ့ ဒီအခွင့်အရေးဟာ — ဒီအတိုင်း ဗလာသက်သက်တော့ မဟုတ်ပါဘူး။ တရုတ်မှာလည်း တရုတ်ဖြစ်စေလိုတဲ့အာဂျင်ဒါရှိနေပါတယ်။ တရုတ်ဟာ — စစ်ကောင်စီကို အခွင့်အရေး ထပ်ပေးလိုက်ခြင်းဟာ၊ စစ်ကောင်စီ ခေါင်းဆောင်တွေရဲ့မူတွေနဲ့ လုပ်ရပ်တွေကို ကြိုက်လို့တော့ မဟုတ်ပါဘူး။ ပယ်ဖျက်လို့ မရသေးတဲ့ ပါဝါအမာအင်အားစုအဖြစ် ရှုမြင်ပြီး တည်ဆဲအင်စတီကျူးရှင်းရဲ့ ယိုယွင်းလာမှုကို နားလည်သော်လည်း — လက်တွေ့ကျကျ ဆက်ဆံခြင်း ဖြစ်ပါတယ်။ ဒါဟာ တစ်ဖက်မှာတော့ စစ်ကောင်စီအတွက် ဂယ်ပေါက်တစ်ခုလို ဖြစ်လာတာ တွေ့ရပါတယ်။ တရုတ်ကိုတော့ စစ်ကောင်စီက အသက်ရှုပေါက်အတွက် သုံးရတဲ့ အဓိက နိုင်ငံကြီးဖြစ်ပါတယ်။
၄။ တရုတ်ဟာ NUG ကို တွေ့တိုင်း ငိုပြနေတဲ့ ကလေးတစ်ယောက်လို့ မြင်နေတယ်လို့ ပြောကြပါတယ်။ တကယ်တော့ တရုတ်ဟာ NUG ကို အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်လို သဘောထားတာတွေ့ရပါတယ်။ တရုတ်ရဲ့ နိုင်ငံရေးမူဝါဒလမ်းစဉ်နဲ့ NUG ရဲ့ နိုင်ငံရေးဦးတည်ချက်ဟာ ဖီလာဆန့်ကျင်ဘက်လို ဖြစ်နေပါတယ်။ တရုတ်ဟာ တစ်ပါတီ ကွန်မြူနစ် ဗဟိုနိုင်ငံတော် တစ်ခုဖြစ်ပြီး၊ NUG ကတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ်ကို ရည်မှန်းနေပါတယ်။ တရုတ် စံထားတဲ့ အခြေခံတန်ဖိုးတွေနဲ့ NUG က ဦးတည်ချက်ထားတဲ့ အခြေခံတန်ဖိုးတွေက အခြေခံ ဓာတ်သဘောအားဖြင့် မတူပါ။ ဒါ့ကြောင့် အခြေခံဓာတ် မတူတာဖြစ်လို့ တရုတ်အနေနဲ့ NUG ကို နိုင်ငံရေးအရ ထောက်ခံဖို့ဆိုတာမှာ ပြဿနာရှိနေပါတယ်။ ဒါ့ကြောင့်လည်းယိုယွင်းနေပေမယ့် တည်ဆဲ စစ်တပ်အင်စတီကျူးရှင်းနဲ့ ဆက်လက် အလုပ်လုပ်သွားမယ်ဆိုတဲ့ သဘောထားနဲ့ လက်တွေ့ကျကျ ဆက်လက် လျှောက်လှမ်းမယ်လို့ ယူဆဟန်တူပါတယ်။
၅။ စစ်ကောင်စီဟာ — တရုတ် တစ်နိုင်ငံတည်းနဲ့ အစ်ကိုကြီး ညီလေး ဆက်ဆံရေးကို တည်ဆောက်နိုင်လိုက်တာနဲ့ စစ်ကောင်စီအတွက် နိုင်ငံရေးအသက်ရှုပေါက် ကျယ်ကျယ် ရထားလိုက်ပြီလို့ ပြောနိုင်ပါတယ်။ တရုတ်အနေနဲ့လည်း သူနဲ့ ရေရှည်ဆက်ဆံလာတဲ့ မြန်မာစစ်တပ်ကို အလွယ်တကူ စာရင်းထဲက ဖယ်မထုတ်ချင်သေးပါဘူး။ ဒါပေမယ့် လက်ရှိ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်နဲ့ သဘောထားကိုလည်း မနှစ်သက်ပါဘူး။ အထူးသဖြင့် မြန်မာစစ်ခေါင်းဆောင်တွေရဲ့ သဘောထားနဲ့ လုပ်ရပ်တွေဟာ — မြန်မာပြည်တွင်းမှာ တရုတ်အတွက် လုပ်ရ ကိုင်ရ ကျပ်တည်းအောင် ပြဿနာတွေ အသစ်မွေးထုတ်နေသလို ဖြစ်နေပါတယ်။ ဒါကို တရုတ်က ထိန်းချင်ပေမယ့်၊ လောလောဆယ် တရုတ်က ထိန်းလို့ မရသေးပါဘူး။ ဒါ့ကြောင့် စစ်ကောင်စီကိုအခွင့်အရေးထပ်ပေးပြီး သူ့လက် သူ့ခြေ ပြန်လည်ဖြစ်နိုင်ရေးကို ကြိုးပမ်းလာတယ်လို့ ပြောနိုင်ပါတယ်။
၆။ တရုတ်အနေနဲ့ မြန်မာပြည်ကို အဓိက အာရုံကျတာက အချက် (၂) ချက် ရှိမယ်လို့ ယူဆနိုင်ပါတယ်။ နံပါတ် (၁) ပထဝီနိုင်ငံရေးကိစ္စ ဖြစ်ပြီး၊ နံပါတ် (၂) ကတော့ — စီးပွားရေးကိစ္စဖြစ်ပါတယ်။ တရုတ်အနေနဲ့ မြန်မာပြည်အရေးမှာ သူ့ရဲ့အကျိုးစီးပွားဟာ – ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးစီမံကိန်းတွေအပေါ်မှာ ပိုအာရုံကျတဲ့ သဘောရှိပါတယ်။ ဒါ့ကြောင့် မြေပြင်မှာပါဝါထိုင်ထားနိုင်တဲ့ လက်နက်ကိုင်အင်အားစုတွေနဲ့ လက်ကမ်းမပြတ် ဆက်ဆံရေး ရှိထားဖို့ တရုတ်က အမြဲ အာရုံစိုက်ထားတာတွေ့ရပါတယ်။ ဒီသဘောထားဟာ — မြန်မာ့နိုင်ငံရေးနဲ့ နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်လမ်းစဉ် အတိမ်းအညွှတ်အပေါ်မှာလွှမ်းမိုး သက်ရောက်မှု ရှိပါတယ်။
၇။ အနောက်နိုင်ငံတွေရဲ့ သဘောထားကတော့ — NUG ကို မူကို အခြေခံတဲ့ ဆက်ဆံရေး လမ်းကြောင်း ဖြစ်ထွန်းစေတာတွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံရေးနည်းအားဖြင့် အနောက်နိုင်ငံတွေနဲ့ ကောင်းမွန်သော နိုင်ငံရေးရာသီဥတု ရှိထားရေးကို လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် မူအားဖြင့် အသိအမှတ်ပြုထောက်ခံခြင်းကို ပြုသော်လည်း — NUG လက်အောက်က PDF ကိုတော့ အနောက်နိုင်ငံတွေက သိပ် လိုလား နှစ်မြို့တာ မတွေ့ရပါဘူး။ အထူးသဖြင့် အမေရိကန်က NUG ကို မူအားဖြင့်နိုင်ငံရေးအရ အသိအမှတ်ပြု လက်ခံပေမယ့် NUG လက်အောက်က PDF တွေကိုတော့ မကြိုက်ပါဘူး။ ဒါဟာ အနောက်နိုင်ငံတွေ စံထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မူတွေနဲ့ ငြိစွန်းနေတယ်လို့ ယူဆဟန်တူပါတယ်။
၈။ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးအတွင်းက လက်နက်ကိုင်တိုက်ပွဲ အခြေအနေဟာ — အကြောင်းပေါင်းစုံရဲ့ ပြုပြင်စီရင်ခြင်းကို ခံနေရပါတယ်။ ဒါကို ပိုကောင်းသော ရလဒ်တွေ ထွက်လာစေဖို့ဆိုတာ — ပြည်တွင်းက နိုင်ငံရေး အခြေအနေနဲ့ ပြည်ပက နိုင်ငံရေး အခြေအနေကို ပေါင်းကူးပေးနိုင်ခြင်း အပေါ်မှာ မူတည်နေပါတယ်။ လောလောဆယ်အားဖြင့်တော့ — နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တော်လှန်ရေး လျှောက်လမ်းဟာ ပြည်တွင်းမှာ သီးခြား အခြေအနေ တစ်ရပ်ရှိနေပြီး ပြည်ပနဲ့နိုင်ငံတကာမှာတော့ သီးသန့် အခြေအနေ တစ်ရပ် ရှိနေတာတွေ့ရပါတယ်။ ဒီလို ပြည်တွင်းနဲ့ ပြည်ပ အကြား သီးခြားစီဖြစ်ထွန်းနေတဲ့ အခြေအနေ နှစ်ရပ်ကို — ဘယ်နိုင်ငံရေးခေါင်းဆောင်ကမှ ဆွဲကပ်အောင် မလုပ်နိုင်သေးတာ ထင်ရှားပါကြောင်း…..။
မင်းသေ့
ည ၁၀း၂၈
၁၉ ၊ ဇွန် ၊ ၂၀၂၃။