ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ သမိုင်းကြောင်းတွေ၊ အစဉ်အလာတွေက အရေးမကြီးတော့ဘူးလို့ ဂွာဒီယိုလာပြော

ဇွန် ၊ ၁၀

အခုသီတင်းပတ်ကုန်မှာ ယှဉ်ပြိုင်ကစားမယ့် ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ သမိုင်းကြောင်းတွေ၊ အစဉ်အလာတွေကို ခေါင်းထဲ ထည့်ထားစရာ မလိုဘူးလို့ မန်ချက်စတာစီးတီး မန်နေဂျာ ပက်ပ် ဂွာဒီယိုလာက ပြောပါတယ်။

 အင်္ဂလန် ချန်ပီယံ စီးတီးဟာ အင်တာမီလန်ကို အနိုင်ရပြီး ဥရောပ ကလပ်အသင်း အဆင့်မှာ ဂုဏ်သိက္ခာ အကြီးဆုံး ဆုဖလားကြီးကို ရယူနိုင်ခဲ့မယ်ဆိုရင် တရာသီတည်းမှာ အဓိက​ အောင်မြင်မှု ဆုဖလား ၃ လုံးကို သိမ်းကြုံးဆွတ်ခူးနိုင်တဲ့ မှတ်တမ်းကောင်းကို ရေးထိုးလာနိုင်မှာပါ။ အင်္ဂလန် ကလပ်တွေထဲမှာ ဒါမျိုး စွမ်းဆောင်နိုင်ခဲ့တာ ၁၉၉၉ ခုနှစ်တုန်းက မန်ချက်စတာ ယူနိုက်တက် တသင်းသာ ရှိခဲ့ဖူးပါတယ်။

 စီးတီးဟာ ဘယ်တုန်းကမှ ချန်ပီယံလိဂ် ဆုဖလားကို မရရှိခဲ့ဖူးသလို ၂၀၂၁ ခုနှစ် ဗိုလ်လုပွဲမှာ ချဲလ်ဆီးကို ၁-၀ နဲ့ အရေးနိမ့်ပြီး ဒုတိယသာ ရခဲ့ပါတယ်။ တဖက်မှာတော့ အင်တာက စီးတီးထက် ချန်ပီယံလိဂ် အစဉ်အလာ အများကြီး ပိုသာပြီး ၃ ကြိမ် ဗိုလ်စွဲဖူးသလို ဗိုလ်လုပွဲကို နောက်ထပ် ၂ ကြိမ် တက်ရောက်ခဲ့ဖူးပါတယ်။

 စပိန်သား မန်နေဂျာ ဂွာဒီယိုလာကတော့ လွန်ခဲ့တဲ့ ၂ နှစ်က နာကျင်စရာ အတွေ့အကြုံတွေအကြောင်း တစိမ့်စိမ့် ပြန်တွေးပြီး စိတ်ပူနေစရာ မလိုသလို အစဉ်အလာတွေ အကြောင်းလည်း စဉ်းစားနေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

 သူ့အသင်းသားတွေဟာ အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြမှာဖြစ်ကြောင်း၊ ဗိုလ်လုပွဲ ဆိုတာဟာ စုစုပေါင်း ပွဲကစားချိန် ၉၅ မိနစ်လောက်အတွင်းက ဖြစ်ပျက်ပြောင်းလဲမှုတွေနဲ့သာ သက်ဆိုင်ပြီး သမိုင်းကြောင်းနဲ့ ဘာမှ မပတ်သက်ကြောင်း၊ အရေးကြီးတာက စီးတီးဟာ ပြိုင်ဘက်ထက် ပိုကောင်းမွန်အောင် ကစားဖို့ ဖြစ်ပြီး ဒီသဘောတရားက ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာဖြစ်ဖြစ်၊ ဗိုလ်လုပွဲမှာပဲဖြစ်ဖြစ် အတူတူပဲလို့ သတ်မှတ်နိုင်ကြောင်း ဂွာဒီယိုလာက မှတ်ချက် ပေးသွားပါတယ်။

 သူက အခုတကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ထပ်ရောက်လာချိန်မှာ စီးတီးအနေနဲ့ အရင်တခါကထက် ပိုပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ လုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ အင်တာနဲ့ ပွဲမှာတော့ ကွဲပြားတဲ့ ရလဒ်မျိုးနဲ့ အဆုံးသတ်ချင်ကြောင်း ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။

 အရေးကြီးတာက ဘောလုံး ရရှိထားချိန်မှာရော၊ ဆုံးရှုံးနေချိန်တွေမှာပါ အာရုံစူးစိုက်မှု လွတ်မသွားဖို့ဖြစ်ပြီး ဘယ်လို နည်းဗျူဟာနဲ့ ချဉ်းကပ်လာမယ့် ပြိုင်ဘက်ကိုမဆို အနိုင်ယူဖို့ ကြိုးစားရမှာဖြစ်ကြောင်းလည်း သူက ဆက်လက် ပြောကြားသွားခဲ့ပါတယ်။