မုန်တိုင်းကြောင့် ရခိုင်မှာ မျိုးစပါးတွေပျက်စီးခဲ့လို့ မိုးစပါးပြန်လည်စိုက်ပျိုးဖို့ အခက်အခဲဖြစ်နေ

ဇွန်၊ ၉
 
ရခိုင်ပြည်နယ်မှာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ထွန်ယက်စိုက်ပျိုးဖို့ သိုလှောင်ထားကြတဲ့ လယ်သမားတွေရဲ့ မျိုးစပါးတွေ ဆုံးရှုံးပျက်စီးခဲ့ရပြီး အကူအညီမရခဲ့ရင် မိုးစပါးစိုက်နိုင်ကြတော့မှာ မဟုတ်ဘူးလို့ ဒေသခံ တောင်သူတွေက ပြောကြပါတယ်။
လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတဲ့ ရခိုင်မှာ မိုခါမုန်တိုင်းကြောင့် လယ်သမားတွေရဲ့ မျိုးစပါး ထက်ဝက်လောက် ပျက်စီးခဲ့ရပြီး လက်ရှိအချိန်အထိ မျိုးစပါးအကူအညီတွေ မရကြသေးဘူးလို့ တောင်သူလယ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လယ်သမားတွေက ပြောကြပါတယ်။
 
“ ဒီဘက် မြစ်ကြောင်းတလျှောက် ရွာတွေမှာ အကုန်လုံး ပျက်သွားတယ်၊ မျိုးစပါးဆိုတာ ဆားငံ (ရေ)ဝင်ရင် သုံးလို့မရတော့ဘူး၊ တခြားစပါးတွေကို သုံးလို့ကလည်း အဆင်မပြေဘူး၊ အဆင်ပြေရင်တောင် တခြားစပါးတွေပါ ဆားငံဝင်သွားတာ၊ အခုထိ မျိုးစပါး မရသေးဘူး၊ မကြာခင် လယ်ထွန်ရတော့မယ် ” လို့ ပုဏ္ဏာကျွန်းမြို့နယ်က တောင်သူတဦးဖြစ်တဲ့ ဦးထွန်းကျော်က ပြောပါတယ်။
 
အဲဒီလို မျိုးစပါးအခက်အခဲရှိတဲ့အကြောင်း မြို့နယ်စိုက်ပျိုးရေးဌာနကို အကြောင်းကြားထားပေမယ့် တစုံတရာ အကူအညီမရသေးဘူးလို့လည်း ပုဏ္ဏာကျွန်းမြို့နယ်က လယ်သမားတွေက ပြောကြပါတယ်။
 
မိုခါမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြေပုံ၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော် စတဲ့မြို့နယ်တွေက လယ်သမားတွေဟာ သိုလှောင်ထားကြတဲ့ မျိုးစပါးတွေ ပျက်စီးသွားခဲ့ကြရတာဖြစ်ပြီး အစိုးရအပါအဝင် အဖွဲ့အစည်းတွေအနေနဲ့ မျိုးစပါး ဝိုင်းဝန်းကူညီပေးကြဖို့ လိုတယ်လို့ လယ်သမားအရေး ဆောင်ရွက်နေသူတွေက ထောက်ပြကြပါတယ်။
 
“ မနှစ်ကလည်း မိုးခေါင်လို့ လယ်‌တွေ အပြည့်အ၀မထွန်လိုက်ရဘူး၊ ဒီနှစ်လည်း မျိုးမရလို့ မထွန်ရဘူးဆိုရင် လယ်သမားတွေဘ၀က ငတ်ဖို့ပဲ ကျန်တော့တယ်၊ မျိုးစပါးဆိုတာက အပိုအလည်း မရှိကြဘူးလေ၊ ဝယ်မယ်ဆိုရင်တောင် ရှာမရဘူး ” လို့ ပေါက်တောမြို့နယ်က မျိုးစပါးတွေ ပျက်စီးသွားခဲ့တဲ့ လယ်သမားတဦးဖြစ်တဲ့ ဦးမြထွန်းက ပြောပါတယ်။
 
မျိုးစပါး ကျန်ခဲ့သူတွေဆီက ဝယ်ယူမယ်ဆိုရင်လည်း စပါးစျေးတွေ အဆမတန်မြင့်တက်နေတဲ့အတွက် ဝယ်ယူဖို့ အခက်အခဲရှိတယ်လို့ လယ်သမားတွေက ပြောကြပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာ စပါးတင်းတရာကိုကျပ် (၂၅)သိန်း ဝန်းကျင်အထိ ရှိနေပြီး မျိုးစပါးဆိုရင် အဲဒီထက် စျေးပိုကြီးတယ်လို့ လယ်သမားတွေက ပြောကြပါတယ်။
 
ရခိုင်ပြည်နယ်မှာ စပါးစိုက်လယ်ဧကပေါင်း ၁၂ သိန်းကျော်ရှိပြီး ပြီးခဲ့တဲ့နှစ်က မိုးဦးကာလ မိုးခေါင်တာ၊ သွင်းအားစုတွေ စျေးကြီးတာတွေကြောင့် ချန်လှပ်ထားခဲ့ကြရတဲ့ လယ်ယာမြေတွေ ရှိခဲ့ကာ ဧက ၁၀ သိန်းလောက်ကိုသာ ထွန်ယက်နိုင်ခဲ့ကြတယ်လို့ ရခိုင်ပြည်နယ်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂက ပြောထားပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ စိုက်ပျိုးမြေ လျော့နည်းခဲ့တဲ့အပြင် စပါးအထွက်နှုန်းဟာလည်း အရင်နှစ်တွေကထက် သုံးပုံတပုံလောက်အထိ လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။
 
အဲ့ဒီလို မျိုးစပါး အရေးပေါ်လိုအပ်ချက် ရှိနေပေမယ့် အခုလအတွင်း ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ရခိုင်ပြည်နယ်အတွက် ပေးပို့လှူဒါန်းမယ့် မျိုးစပါးအိတ်ရေ ငါးထောင်လောက်ကို စစ်ကောင်စီက တားမြစ်လို့ ရန်ကုန် ဘုရင့်နောင်ဆိပ်ကမ်းမှာ ပိတ်မိနေတယ်လို့ DVB သတင်းဌာနက ဖော်ပြထားပါတယ်။
 
အဲဒီမျိုးစပါးတွေဟာ စိုက်ပျိုးရေးဦးစီးဌာနရဲ့ မျိုးစေ့ဖြစ်ကြောင်း ထောက်ခံချက်မပါတဲ့အတွက် အကောက်ခွန်ဦးစီးဌာနက သင်္ဘောပေါ်ရောက်နေပြီးသား မျိုးစပါးတွေကို ပြန်ချခိုင်းပြီး တားမြစ်ခဲ့တာလို့ ဆိုပါတယ်။
 
လက်ရှိမှာလည်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ်က မုန်တိုင်းသင့်ဒေသတွေမှာ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ လုပ်နေကြတဲ့ အဖွဲ့တွေကို ခရီးသွားလာခွင့်တွေ ပိတ်ပင်လိုက်ပြီး ဘာကြောင့် ဆိုတာလည်း ရှင်းလင်းပြောဆိုတာမျိုး မရှိသေးပါဘူး။
 
စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေမှာ မုန်တိုင်းသင့် ဒေသတွေကို ကူညီထောက်ပံ့မှုတွေ လုပ်နေတဲ့အကြောင်း နေ့စဉ်ဝေဝေဆာဆာ ဖော်ပြနေပေမယ့် ရခိုင်ဒေသခံတွေကတော့ စစ်ကောင်စီက ထိထိရောက်ရောက် ကူညီပံ့ပိုးမှုတွေ မရှိသေးဘူးလို့ ဆိုထားကြတာပါ။
 
မိုခါမုန်တိုင်းသင့် တိုင်းနဲ့ ပြည်နယ်ဒေသတချို့မှာ စပါးခင်းတွေနဲ့ တခြားသီးနှံစိုက်ခင်းတွေ ပျက်စီးကြတာမျိုး ရှိပေမယ့် မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာတော့ နွေစပါးစိုက်ပျိုးမှု အားနည်းတာကြောင့် စပါးခင်းတွေ ပျက်စီးတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။
 
ဒါပေမယ့် ငှက်ပျော၊ ကွမ်းသီး၊ ကွမ်းရွက်၊ ဓနိ စတဲ့စိုက်ပျိုးသီးနှံစိုက် ဧကပေါင်း လေးထောင်နီးပါး ပျက်စီးခဲ့ရပြီး ကျွဲ၊ နွား အပါအ၀င် အိမ်မွေးတိရစ္ဆာန်အကောင်ရေ နှစ်သောင်းကျော် သေဆုံးခဲ့ရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပြီး ဒေသခံတောင်သူတွေကတော့ သီးနှံစိုက်ဧက သုံးသောင်းကျော်လောက် ပျက်စီးနိုင်တယ်လို့ ဆိုကြပါတယ်။
 
ဓာတ်ပုံ – Western News (ပုံဟောင်း)