ဇွန်၊ ၉
စစ်ကောင်စီတပ်ဟာ အများပြည်သူခရီးသွားယာဉ်တွေကို အသုံးပြုကာ ချင်းပြည်နယ်အတွင်းကို အရပ်ဝတ်တွေနဲ့ စစ်အင်အားဖြည့်တင်းနေတာကြောင့် ဒေသခံမဟုတ်တဲ့ ပြင်ပခရီးသည်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထောက်ခံချက်နဲ့သာ ဝင်ခွင့်ပြုတော့မယ်လို့ ချင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
“ တော်လှန်ရေးက နှစ်နှစ်ကြာလာတာနဲ့အမျှ စကစဘက်ကလည်း အထိနာလာတယ်၊ ချင်းပြည်နယ်ဘက်မှာက စကစရဲ့ ဒလန်တွေ ဘာတွေဆိုရင်လည်း ကျွန်တော်တို့က အများကြီး အရေးယူလာတဲ့အပိုင်းတွေ ရှိတော့ သူတို့မှာ သတင်းပေးရဲတဲ့သူလည်း သိပ်မရှိတော့ဘူး၊ အဲဒါနဲ့ သူတို့က အလုပ်သမား ယောင်ယောင်၊ ကုမ္ပဏီက လိုလို၊ NGO က လိုလို အဲဒီလိုမျိုးတွေက အခုနောက်ပိုင်းက တော်တော်လေး ချင်းပြည်နယ်ဘက်မှာ အတွေ့များလာတဲ့အတွက်ကြောင့် CNF ဘက်ကနေလည်း ထုတ်ပြန်ရခြင်းဖြစ်ပါတယ် ” လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက တာဝန်ရှိသူတဦးက ပြောပါတယ်။
ချင်းပြည်နယ်က မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးများတဲ့ စစ်ကောင်စီဟာ အရပ်သားအသွင်ယူပြီး အများပြည်သူ ခရီးသွားယာဉ်တွေနဲ့ စစ်ရေးအင်အားဖြည့်တင်းမှု လုပ်နေတာကြောင့် ချင်းပြည်သူတွေ လိုက်နာရမယ့် စစ်ရေးဆိုင်ရာ စည်းကမ်းချက်သုံးချက်ကို ချင်းအမျိုးသားတပ်ဦး (CNA/CNF)က မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ အများပြည်သူ ခရီးသွားယာဉ်တွေဟာ စစ်ကောင်စီအဖွဲ့ဝင် ဒါမှမမဟုတ် လက်နက်ခဲယမ်းနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို သယ်ယူပို့ဆောင်မှု မလုပ်ဖို့၊ ဒေသခံ ချင်းပြည်သူတွေကလွဲလို့ ဒေသပြင်ပက ခရီးသည်တွေကို ဝင်ရောက်ခွင့်ပိတ်ပင်တာ၊ အရေးကြီးကိစ္စနဲ့ လာရောက်လိုပါက သက်ဆိုင်ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထောက်ခံစာနဲ့သာ ဝင်ခွင့်ပြုမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
အဲဒီအသိပေးချက်တွေကို ချိုးဖောက်ရင် ပြင်းထန်စွာ အရေးယူသွားမှာဖြစ်ပြီး နောက်ထပ်တစုံတရာ မထုတ်ပြန်မချင်း လိုက်နာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ချင်းအမျိုးသားတပ်ဦးက တာဝန်ရှိသူတွေဆီ DNA က ဆက်သွယ်မေးမြန်းပေမယ့် အဆက်အသွယ်မရသေးပါဘူး။
ချင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထောက်ခံစာနဲ့ ခရီးသွားရမယ့် ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ဂိတ်တွေကို ဖြတ်ရာမှာ အန္တရာယ်ရှိနိုင်တာကို နားလည်တဲ့အတွက် စစ်ကောင်စီနဲ့ မပတ်သက်မှုကိုတော့ အစစ်ဆေးခံနိုင်ဖို့ လိုအပ်တယ်လို့ ချင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
“ လောလောဆယ် စစ်ဆေးတာက ပြည်သူက ဘယ်ကလဲ၊ အရင်က ကျွန်တော်တို့ မြို့နယ်မှာ ရှိသလား၊ တော်လှန်ရေးမှာ ဘာတွေများ ပါဝင်ဖူးသလဲပေါ့၊ မေးမြန်းစစ်ဆေးပြီးမှ အဝင်ခံတယ်၊ မတူပီမြို့နယ်မှာတော့ သူစိမ်းပေါ့လေ၊ မတွေ့ဖူးတဲ့သူ အတော်နည်းပါးတယ်၊ ဒါပေမယ့် နည်းနည်းတော့ ခြေလှမ်းတွေက စကစ ဘက်က လုပ်လာတဲ့ အတွက်ကြောင့် သတိထားရတာပေါ့လေ ” လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တာဝန်ရှိသူတဦးက ပြောပါတယ်။
လက်ရှိချင်းပြည်နယ်မှာ ဟားခါး- ထန်တလန်ကြားနဲ့ မတူပီမြို့နယ်ဘက်တွေမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ထားသလို စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CNF