နိုင်ငံရေး အကျဉ်းသားတွေရဲ့ ရှေ့နေတွေကို ဖိနှိပ်တာ၊ ခြိမ်းခြောက်တာအပြင် ထောင်ပါချနေတာကို HRW သတိပေး

ဇွန် ၊ ၈

နိုင်ငံရေး အကျဉ်းသားတွေအတွက် ဥပဒေ အကျိုးဆောင်ပေးနေတဲ့ မြန်မာ ရှေ့နေတွေဟာ အာဏာသိမ်း စစ်တပ်ရဲ့ ဖိနှိပ်မှု၊ ယုတ်စွအဆုံး မတရား ဖမ်းဆီးမှုတွေကိုပါ ခံနေရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က သတိပေး ပြောကြားလိုက်ပါတယ်။

 စစ်အာဏာရှင်တွေရဲ့ ကျင့်ဝတ်မဲ့ ဖိစီးနှိပ်စက်မှုတွေကြောင့် ရှေ့နေ တော်တော်များများဟာ အဲဒီလို နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ အမှုတွေကိုတောင် တာဝန်ယူ ကိုင်တွယ်ပေးတာမျိုး မရှိတော့ဘူးလို့ HRWက ဆိုပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရကို လက်နက် အားကိုးနဲ့ ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကျော် ကတည်းက မြန်မာနိုင်ငံဟာ ကဏ္ဍပေါင်းစုံမှာ ရှုပ်ထွေးပြီး အနာဂတ် မရေရာတဲ့ အခြေအနေတွေထဲ ထိုးကျသွားခဲ့ပါတယ်။ စစ်အာဏာရှင်တွေဟာ အဲဒီကာလအတွင်း အတိုက်အခံ အင်အားစုတွေကို သွေးချောင်းစီး နှိမ်နင်းမှုတွေ လုပ်ဆောင်ခဲ့သလို နိုင်ငံရေး အကျဉ်းသား ထောင်သောင်းချီ ဖမ်းဆီးခဲ့ပါတယ်။

 လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အင်အားစုတွေကတော့ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြိုင်ဘက် အင်အားစုတွေကို ဖြိုခွင်းဖို့အတွက် တရားရုံးတွေကို လက်ကိုင်တုတ် တခုလို လိုသလို အသုံးချနေကြောင်း ဝေဖန် ထောက်ပြကြပါတယ်။

 တချိန်တည်းမှာပဲ နိုင်ငံရေး အကျဉ်းသားတွေကို ရုံးတင် စစ်ဆေးဖို့ ဖွဲ့စည်းထားတဲ့ အထူးခုံရုံးတွေမှာ ခုခံလျှောက်လဲပေးတဲ့ ရှေ့နေတွေဟာ ဖိနှိပ်မှု၊ ရန်လိုမှု၊ ခြိမ်းခြောက်မှုတွေကို ခံနေရကြောင်း ရှေ့နေ ၁၉ ဦးနဲ့ တွေ့ဆုံမှုအပြီး HRWက ဖော်ပြခဲ့ပါတယ်။

 ရန်ကုန် အခြေစိုက် ရှေ့နေတဦးက တရားခွင်မှာ သူဟာ အမှန်တရားအတွက် ရှေ့နေလိုက်ပေးရမယ့် အခြေအနေမှာ သူကိုယ်တိုင် ထောင်ကျသွားမလား ဆိုတာကို တွေးပူရင်း စိတ်ဖိစီးနေခဲ့ရတယ်လို့ HRWဆီ ပြောကြားခဲ့ပါတယ်။

 သူဘယ်သူလဲ ဆိုတာကို တရားခွင် ရောက်နေသူ အားလုံးက သိထားကြကြောင်း၊ စစ်ကောင်စီဟာ အချိန်မရွေး သူ့ကိုပါ ဖမ်းလိုက်နိုင်တဲ့ အခြေအနေရှိကြောင်း၊ အဲဒီအတွက် စစ်တပ်က သူတို့ လိုရာဆွဲပြီး ခေါင်းစဉ်တပ်ဦးမှာဖြစ်ကြောင်း အဲဒီ ရှေ့နေဖြစ်သူက ဆိုပါတယ်။

 HRWက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ အဖွဲ့ဝင်တွေအတွက် ဥပဒေကြောင်းအရ ကိုယ်စားပြုပေးခဲ့သူ တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင်ကို တရားခွင် တခုကအပြန် မတရား ဖမ်းဆီးပြီး စစ်ကောင်စီက ထောင်ချခဲ့တဲ့ ဖြစ်ရပ်ကိုလည်း ကိုးကား တင်ပြသွားခဲ့ပါတယ်။

 သူဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ အတိုက်အခံ အင်အားစုတွေကို ငွေကြေးထောက်ပံ့ခဲ့တယ်လို့ စွပ်စွဲခံရ​ပြီး နောက်ဆက်တွဲ အနေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် စီရင်ချမှတ် ခံခဲ့ရပါတယ်။

 စစ်ကောင်စီဟာ ခုခံလျှောက်လဲသူတွေရဲ့ ရှေ့နေတွေကို တရားခွင် မတိုင်မီ သူတို့ရဲ့ အမှုသည်တွေနဲ့ သိုသိုသိပ်သိပ် တွေ့ဆုံ ဆွေးနွေးခွင့်တွေကို တားမြစ်ထားပါသေးတယ်။ တချို့ တရားခွင်တွေမှာဆိုရင် ရှေ့နေတွေဟာ အပြန်အလှန် မေးခွန်းထုတ်ခွင့်တောင် မရဘဲ မမျှမတ ပိတ်ပင် ခံရတယ်လို့ တခြားရှေ့နေ တဦးက HRWဆီ ပြောပြပါတယ်။

 တကယ်တော့ စစ်တပ်က စွဲချက်တင်ထားလိုက်ပြီ ဆိုကတည်းက သူတို့တင်ပြတဲ့ သက်သေတွေ ဆိုတာကို ဘယ်လိုမှ စိန်ခေါ် မေးခွန်းထုတ်လို့ မရတော့ကြောင်း၊ ရှေ့နေတွေဟာ သူတို့အမှုသည်တွေကို အာမခံနဲ့ လွှတ်ပေးဖို့တောင် လျှောက်လဲဖို့ ဘယ်တုန်းကမှ မအောင်မြင်ခဲ့ကြောင်း အဲဒီရှေ့နေက ဆက်ပြောပါတယ်။

 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ဖမ်းဆီးခဲ့သူ ၂၃၀၀၀ ကျော် ရှိတယ်လို့ ဒေသတွင်းက လေ့လာစောင့်ကြည့်ရေး အဖွဲ့တခုက ဆိုပါတယ်။ မနှစ်တုန်းကဆိုရင် စစ်ကောင်စီ အလိုကျ လိုက်လံ ဆောင်ရွက်ပေးရတဲ့ တရားရုံး တခုက ထင်ရှားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အကြမ်းဖက်မှုနဲ့ စွပ်စွဲပြီး ကွပ်မျက်ဖို့ပါ ခွင့်ပြုပေးခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံ သမိုင်းမှာ ပထမဆုံးအကြိမ် သေဒဏ် လက်တွေ့ စီရင်မှုအဖြစ်လည်း မှတ်တမ်းဆိုး ဝင်ခဲ့ပါတယ်။