နတ်သံကွင်းရွာမှာ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံထောင်ချီစစ်ရှောင်ခဲ့ရ

ဇွန်၊ ၇
 
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း နယ်မြေရဲစခန်း အပါအဝင် နေရာငါးခု တိုက်ခိုက်ခံရပြီးနောက် ကျေးရွာအုပ်စုအတွင်းမှာ နေထိုင်တဲ့သူတွေ ပိတ်မိနေသလို ရွာအစွန်ဘက်နေသူတွေ ထောင်နဲ့ချီကလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
 
“ ဒီစစ်ကောင်စီတပ်ဖွဲ့တွေက နတ်သံကွင်း တရွာလုံးကို ဆိုင်ကယ်နဲ့ ခြေလျင်နဲ့ အခုအချိန်ထိ ပတ်လည်လှည့်နေတော့ အပြင်ကို မထွက်ရဲဘူး၊ ကိုယ့်အိမ်ထဲမှာကို ရှိတာလေးနဲ့ ချက်ပြုတ်စားသောက်ပြီးတော့ ဒီအတိုင်း ငြိမ်နေရတဲ့ ဘဝဖြစ်နေတယ်၊ နတ်သံကွင်းနားက ရွာတွေ၊ နီးစပ်မှုရှိတဲ့ရွာတွေကတော့ ဟိုအစွန်းအဖျားပေါ့နော်၊ အဲဒါလေးတွေကတော့ အဲ့ရွာသားတွေက ထောင်ဂဏန်းလောက်တော့ ရှိနိုင်တာပေါ့၊ ဒီနတ်သံကွင်းရွာထဲက လူတွေတော့ ထွက်လို့ကို မရတာ၊ အခုပဲ အကိုတို့ အဆက်အသွယ်လုပ်နေကြတာ၊ သူတို့အိမ်ထဲမှာပဲ၊ အပြင်မထွက်ရဲဘူး၊ အရှေ့လမ်းတောင်မထွက်ရဲဘူး ” လို့ နတ်သံကွင်း ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၆ ရက် မနက်အစောပိုင်းမှာ နတ်သံကွင်းနယ်မြေရဲစခန်း၊ တံတားအရှေ့ကင်းနဲ့ အနောက်ကင်း၊ ရေတွင်းကုန်းနားနဲ့ ဘုံသဘောရွာနားမှာ ရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
 
နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန်မှာ နတ်သံကွင်း ကျေးရွာအုပ်စုနဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့သူတွေက ဘေးလွတ်ရာကို ချက်ချင်းထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ပေမယ့် ရွာအတွင်းပိုင်းနေသူတွေကတော့ အခုအချိန်ထိ ပိတ်မိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
 
“ ပစ်တဲ့အချိန်မှာ အစွန်အဖျားက လူတွေလောက်ပဲ ထွက်ပြေးနိုင်တယ်၊ ဒီနတ်သံကွင်းနဲ့ သုံးမိုင်၊ လေးမိုင်လောက်ဝေးတဲ့ ရွာတွေကတော့ စစ်ဘေးရှောင်ကြမယ်၊ ဒီရွာကြီးထဲက လူတွေကတော့ ရှောင်ထွက်သွားဖို့၊ ဖြတ်သန်းသွားဖို့၊ ဒီလို စစ်ဖြစ်နေတဲ့ အခြေအနေမျိုးမှာ စစ်ဆေးနေတာနဲ့ လမ်းမှာ တိုးမှာစိုးလို့ မထွက်ရဲကြတာပေါ့နော် ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
နတ်သံကွင်းကျေးရွာအုပ်စုဟာ ကျောက်ကြီးမြို့နယ်နဲ့ (၉)မိုင်အကွာမှာ တည်ရှိနေပြီး ကျေးရွာအုပ်စုထဲမှာ ရပ်ကွက် (၇)ခုရှိကာ လူဦးရေသောင်းနဲ့ချီ နေထိုင်ကြတဲ့ ရွာကြီးတစ်ရွာလည်း ဖြစ်ပါတယ်။
 
မနေ့က တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီထောက်ပို့လမ်းကြောင်းတခုအဖြစ် အရေးပါတဲ့ ကျောက်ကြီးမြို့နဲ့ နတ်သံကွင်း ဘက်ကို ဆက်သွယ်ထားတဲ့ စစ်တောင်းမြစ်ကူးတံတား ကို မိုင်းဆွဲဖြတ်တောက်လိုက်ပါတယ်။
 
အဲဒါကြောင့်နတ်သံကွင်းဘက်မှ ကျေးရွာ ၁၀ ရွာနီးပါးအတွက် သွားလာရေး အခက်အခဲတချို့ ကြုံနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
“ လက်ရှိ ဒီဘက်ကမ်းမှာရှိတဲ့ သူတွေက ဒီဘက်မှာပဲ ဟိုဘက်ကို သွားလို့မရသေးဘူး၊ အခု လူအသွားအလာက သွားလာလို့ မရသေးတဲ့အတွက် အဆင်မပြေသေးဘူးလေ၊ ကျွန်မတို့လည်း သွားသွားလာလာ သွားလို့မရသေးဘူး။ အခု ကျွန်မဈေးတွေထဲမှာ ဆိုင်တွေတောင် မထွက်ရဲကြသေးဘူး၊ အကုန်လုံးပိတ်ထားရတယ် ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
လက်ရှိမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေက နတ်သံကွင်းကျေးရွာထဲမှာ အင်အား တစ်ရာနီးပါးနဲ့ တပ်စွဲထားသလို ကျောက်ကြီးမြို့ထဲကနေ တောင်ဘက်ရှိ ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ နတ်သံကွင်းရွာခံက ပြောပါတယ်။
 
“ ရွာထဲမှာလည်း တိုက်ပွဲ ထပ်ဖြစ်မှာလည်း စိုးရိမ်မှုတွေ ရှိတယ်၊ အခုတော့ အပြင်မထွက်ရဲတော့ ဈေးဝယ်ဖို့ ဘာညာ ခက်ခဲ ရှိတယ်လို့ ပြောလာကြတယ်၊ နောက်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေအတွက်လည်း နေထိုင်စားသောက်ဖို့က လိုအပ်ချက် တွေရှိနေတယ် ” လို့ ပြောပါတယ်။
 
မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာဆိုရင် စစ်ကောင်စီဘက်က တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်တွေနဲ့ပါ အသုံးပြုတိုက်ခိုက်ခဲ့တဲ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီးတော့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက် ၃၀ သေဆုံးခဲ့ကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့သလို ပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ ဝင်လေးဦး ကျဆုံးခဲ့တယ်လို့ စစ်ဆင်ရေးတာဝန်ရှိသူတွေက DNA ကို ပြောဆိုထားပါတယ်။
 
ဒါ့အပြင် တိုက်ပွဲအတွင်းမှာ အရပ်သားထိခိုက်ဒဏ်ရာရရှိတာတွေနဲ့ နေအိမ်အဆောက်အဦတချို့ ပျက်စီးတာတွေ ရှိခဲ့ပေမယ့် လုံခြုံရေးအခြေအနေတွေအရ ထိခိုက်ပျက်စီးမှုအခြေအနေတွေကို အတည်ပြုပေးနိုင်ခြင်းမရှိဘူးလို့ ဒေသခံတွေက DNA ကို ပြောပါတယ်။
 
ဓာတ်ပုံ – ကျောက်ကြီး၊ မုန်းဒေသ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ (ပုံဟောင်း)