ဇွန်၊ ၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရလက်ထက်က စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဆက်အောင်ဟာ ဒီကနေ့ မနက်ပိုင်းက ရမည်းသင်း အကျဉ်းထောင်မှ လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
” စီမံဒုဝန်ကြီး ဦးဆက်အောင် ပြန်လွတ်လာတာ ဟုတ်ပါတယ်။ လွတ်ရက်စေ့လို့ပါ။ (ထောင်) ကြွေးကျန်မရှိဘူးပေါ့ ” လို့ ရမည်းသင်းအကျဉ်းထောင်က လွတ်ငြိမ်းနဲ့ မနှစ်က လွတ်မြောက်လာသူတဦးက အတည်ပြုပြောကြားပါတယ်။
မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်က ဒီမနက်က လွတ်မြောက်လာတဲ့ ဦးဆက်အောင်ကို မိသားစုက လာကြိုခဲ့ပြီး ရန်ကုန်ကို ပြန်တယ်လို့ မိသားစုနဲ့နီးစပ်သူတဦးရဲ့ ပြောကြားချက်က်ို ကိုးကားပြီး ဘီဘီစီမြန်မာပိုင်းက ဖော်ပြထားပါတယ်။
” သူက စီမံဘဏ္ဍာ ဒုဝန်ကြီး ဗဟိုဘဏ်ဒုတိယဥက္ကဌ၊ ဒီလိုတာဝန်တွေ သူယူခဲ့တဲ့သူပေါ့။ သူက ထောင်သုံးနှစ် ချခံခဲ့ရတာပေါ့။ သို့သော် သူက ချုပ်ရက်လည်း ရတယ်၊ နောက်တခုက လျှော့ရက်တွေလည်း ထုတ်နှုတ်စားခွင့် ရတဲ့အခါကျတော့ သုံးနှစ်က အဲဒါ့တွေနဲ့ တွက်ချက်လိုက်ရင် လွတ်ရက်ကစေ့သွားတော့ ဒီနေ့ ၂ ရက်နေ့မှာ သူ့ကို လွှတ်ပေးလိုက်တယ်။ ကျနော်တို့ သိရသလောက်ဆိုရင် သူနေတာက ရန်ကုန်မှာဆိုတော့ ရမည်းသင်းထောင်က လွတ်တယ်ဆိုတဲ့အခါကျတော့ ရန်ကုန်ပြန်ဖို့ ရှိတာပေါ့ ” လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က DNA ကိုပြောပါတယ်။
အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဦးဆက်အောင်ကို မစ္စတာရှောင်တာနယ်လ်ရဲ့ ကွန်ပျူတာအတွင်း ရှာဖွေတွေ့ရှိခဲ့တဲ့ အချက်အလက်တွေနဲ့ ပက်သက်ပြီး နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ၃(၁)(ဂ)က နဲ့ စစ်ကောင်စီက တရားစွဲဆိုခဲ့တာပါ။
အဲဒီအမှုမှာ မစ္စတာရှောင်တာနယ် အပါအဝင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့ကို တပေါင်းတည်းစွဲဆိုခဲ့တာပါ။ အဲဒီနောက် နေပြည်တော်ရှိ စစ်ကောင်စီလက်အောက်ခံ တရားရုံးက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ စွပ်စွဲထားတဲ့သူတွေကို ထောင်ဒဏ် သုံးနှစ်စီ အမိန့်ချခဲ့တာပါ။
အဲဒီအမှုနဲ့ ပက်သက်ပြီး တရားစွဲဆိုခံရသူ ငါးဦးအနက် လေးဦးကတော့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။
” အမှုတွဲက သူတွေအားလုံးကို လွှတ်ပေးလိုက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ ယနေ့ထက်တိုင်ပေါ့နော်။ သူက နိုင်ငံရေးအကျဉ်းသားဘဝနဲ့ နေပြည်တော်အကျဉ်းထောင်ထဲမှာ ဖိနှိပ်ခံနေရတုန်းပေါ့။ ဦးစိုးဝင်း၊ ဦးကျော်ဝင်းတို့လည်း ပြန်လွတ်လာပြီ။ မစ္စတာရှောင်တာနယ်ကျတော့ ပြည်နှင်ဒဏ်ပေးလိုက်တာပေါ့ ” လို့ သူက ပြောပါတယ်။
စီမံဘဏ္ဍာဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးဟောင်းတဦးဖြစ်တဲ့ ဦးကျော်ဝင်းက ဒီနှစ် ဧပြီလ ၁၇ ရက်က လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်ခဲ့သလို ဦးကျော်ဝင်း နှုတ်ထွက်ပြီးနောက် အဲဒီဌာနရဲ့ ဝန်ကြီးဖြစ်လာတဲ့ ဦးစိုးဝင်းကလည်း ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ မှာ ပြန်လွတ်လာခဲ့တာပါ။
” ကျွန်နော်မြင်ရသလောက်တော့ ဦးဆက်အောင်လည်း ကျန်းမာရေးကောင်းတယ်။ သူက အသက်အရွယ်လည်း အဲလောက်ကြီးသေးတာမဟုတ်ဘူး။ ဦးကျော်ဝင်းတို့ ဦးစိုးဝင်းတို့ သူတို့အသက်အရွယ်လောက် မဟုတ်ဘူး ဟိုဟာတွေကတော့ ၇၀ ကျော်တွေပေါ့ဗျာ ” လို့ ဦးထွန်းကြည်က ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်အထိ နိုင်ငံတဝန်းက ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ ၁၈၅၇၄ ဦး ဖမ်းဆီးခံထားရပြီး ၆၁၆၁ ဦးကို ပြစ်ဒဏ်တွေ ချထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Social Media