ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီလက်ချက်နဲ့ အရပ်သားငါးဦးသေဆုံး၊ နေအိမ် ၆၅၀ ကျော်မီးရှို့ခံရ

ဇွန်၊ ၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်တဲ့အတွက် လေးရက်အတွင်း အရပ်သားငါးဦးသေဆုံးခဲ့ပြီး ကျေးရွာပေါင်း ၂၅ ရွာကနေအိမ်ပေါင်း ၆၅၆ လုံးကို မီးရှို့ဖျက်စီးသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။

‘’စစ်ကြောင်းဝင်ပြီးနောက်အသတ်ခံရတာ ငါးယောက်ဗျ၊ မိဖုရားရွာက အမျိုးသမီးတဦးက လက်နက်ကြီးထိမှန်ပြီးသေတာပါ။အမျိုးသားနှစ်ယောက်ကျတော့ စစ်ရှောင်ရင်း ဖမ်းဆီးအသတ်ခံရတယ်။ ကျန်တဲ့ နှစ်ယောက်က ကျွန်တော်လည်း သေချာမသိဘူး။ စာရင်းကြည့်ပြောမှရမယ်” လို့ ရေစကြိုမြို့နယ်၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ကရဲဘော်ဝေကြီးကပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် သေဆုံးသူအရပ်သားတွေဟာ ရေလည်ကျွန်းဒေသက မိဖုရားရွာ ၊ သဲအင်း၊ နန်းဦး၊ မဲကုန်း၊ ရေရှားစတဲ့ ကျေးရွာတွေက ဖြစ်တယ်လို့လည်း ဒေသခံတွေကလည်း ပြောကြား ပါတယ်။

ရေလယ်ကျွန်းဒေသကို စစ်ကောင်စီစစ်ကြောင်းက  မေလ ၂၆ ရက်ကနေ  ၂၉ ရက်အထိ အင်အား ၂၅၀ လောက်နဲ့ စစ်ကြောင်းခွဲဝင်ရောက်ခဲ့ပြီး နေအိမ်တွေကို မီးရှို့တာတွေအပြင် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ ပစ္စည်းတွေကို ခိုးယူလုယက်တာတွေ လုပ်ဆောင်ခဲ့တာပါ။

” မီးဘေးသင့်တဲ့ ပြည်သူတွေကတော့ ဒီအချိန်အရမ်းခက်ခဲနေတာဆိုတော့ ရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာ နေရာချထားပေးရတယ်။ လူဦးရေက ထောင်ချီတယ်ဗျ လောလောဆယ်တော့ နေရာချထားပေးတာနဲ့ စားဖို့သောက်ဖို့လောက်ပဲ စီစဉ်ပေးနိုင်သေးတယ်။ ပြန်လည်ထူထောင်ရေးကတော့ အချိန်ယူလုပ်ရမယ်။ NUG နဲ့ မြို့နယ်အုပ်ချူပ်ရေးတွေပေါင်းပြီးတော့ အလှူခံရေး ကိစ္စတွေလုပ်နေရတယ် ” လို့ ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ )က  ရဲဘော်ဝေကြီးကပြောပါတယ်။

ရေလယ်ကျွန်း ဒေသမှာ ရွာပေါင်း ၄၀ ကျော်ရှိတဲ့ အနက် စစ်ကောင်စီစစ်ကြောင်းက  မေလ ၂၆ ရက်မှာ မိဖုရား၊ဘုန်းတော်ပြည့် ၊ လှေခုတ်၊ဆင်တဲ၊ကျွန်းညို၊ ခြံယာ၊မြောက်ရွာ၊နတ်ပေး၊ပေါက်အူ၊နွယ်နီရွာ ရှိ နေအိမ် ၁၇၅ လုံးကိုမီးရှို့ခဲ့တာပါ။

ဒါအပြင် မေလ ၂၇ ရက်မှာ မြေတော်၊ဆည်သစ်၊ညောင်မွှေးပင်၊ကိုင်း၊မြေစွန်း၊ရေယှား၊နန်ဦးရွာရှိ နေအိမ် ၃၁၆ လုံးကို မီးရှို့ခဲ့သလို ၂၈ ရက်နေ့မှ ချင်းယား၊မိုးဖြူ၊မိုးကွဲ၊ကံဦး၊တောင်ကုန်း၊မဲကုန်းရွာရှိ နေအိမ် ၁၃၄ လုံးနဲ့ ၂၉ ရက်နေ့မှာ ဝါဘိုး၊ညောင်ပင်ရွာက နေအိမ် ၃၁ လုံးကို မီးရှို့ခဲ့တာပါ။

စစ်ကောင်စီစစ်ကြောင်းဟာ  ရေလယ်ကျွန်းဒေသကို ဝင်ရောက်ခဲ့ချိန်တုန်းက ပြည်သူ တစ်ရာလောက်ကို ဖမ်းဆီးခဲ့ပြီး တချို့တဝက်ကို ပြန်လည်လွတ်ပေးခဲ့ ပေမယ့် တချို့ကိုတော့ ဖမ်းဆီးသွားတဲ့အတွက် အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

” ရေစကြိုက မိုခါမုန်တိုင်ဒဏ်ကိုလည်း ခံရတယ်လေ။ မိုးရွာအားကြီးပြီးတော့ ရေတွေတက်တဲ့ဒဏ်ခံရတော့ လယ်တွေကော ပဲခင်းတွေကော အကုန်မြှပ်ကုန်တာပေါ့။ စိုက်ဧကတွေ သောင်းချီပျက်ဆီးဆုံးရှုံးသွားတာပေါ့။ မိုခါမှာ ပြီးခါရှိသေးတယ် ဒီကောင်ကစစ်ကြောင်းထိုး၊အိမ်တွေမီးရှို့တယ်ပေ့ါနော်။အဲလိုတွေလုပ်ကြတော့ ပြည်သူတွေ တော်တော်ကိုဒုက္ခရောက်ကျရတယ်။ အချင်းချင်းပဲ မရှိတဲ့သူကိုရှိတဲ့လူကကူပေါ့ မစားနိုင်တဲ့သူကို နှစ်ပန်းကန်စားနိုင်သူက တပန်းကန်ခွဲကျွေးပေါ့ အဲလိုပဲ သွားနေရတယ် ” လို့ ဒေသခံ တဦးကပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းက အင်အား ၂၅၀ လောက်နဲ့ ရေလယ်ကျွန်းကို ဝင်ရောက်ခဲ့တဲ့အတွက် လက်နက်အင်အား လူအင်အား မမျှတလို့ တိုက်ပွဲတွေမဖြစ်ခဲ့ပေမယ့် အဲဒီစစ်ကြောင်းကို လက်နက်ကြီး ကူပစ်ပေးနေတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲကြီးကြီးမားမားဖြစ်ခဲ့တယ်လို့ ရေစကြို ပကဖမှ ရဲဘော် ဝေကြီးက ပြောပါတယ်။

” ကျွန်းပေါ်မှာကို သူတို့က အင်အား ၃၀၀ လောက်ရှိတော့ တိုက်ပွဲဖြစ်ဖို့မလွယ်ဘူး။ ဒါပေမယ့် စစ်ကြောင်းကို ပစ်ကူပေးနေတဲ့ ချင်းတွင်းမြစ်အနောက်ဖက်မှာရှိတဲ့ စစ်ကြောင်းနဲ့တော့ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်။ သူတို့ထိခိုက်တာများတော့ အဲဒီနေရာကနေ ချက်ချင်းဆုတ်ပြေးသွားတယ်။ ကျနော်တို့လည်း ကျည်ဘောက်တွေ သူတို့ပစ္စည်းတချို့ သိမ်းဆည်းရမိတာရှိတယ် ” လို့ သူကပြောပါတယ်။

Photo – CJ