မန္တလေးမှာ ကလေးငယ်တဦးကို ငါးရက်ကြာခိုးယူခဲ့တဲ့ အမျိုးသမီး ထောင်ခုနစ်နှစ်ချခံရ

ဇွန်၊ ၁
 
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် အသက်ငါးနှစ်ကျော်အရွယ် ကလေးတဦးကို မိဘအုပ်ထိန်းသူ ခွင့်ပြုချက်မရှိဘဲ ခေါ်ယူဖွက်ထားခဲ့တဲ့ အမျိုးသမီးကို အဲ့ဒီမြို့နယ်တရားရုံးက ထောင်ဒဏ်ခုနစ်နှစ် ချမှတ်လိုက်တယ်လို့ ကလေးငယ်ရဲ့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
” ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က ဖြစ်တဲ့ကိစ္စပါ၊ ကလေးကို သူတို့အိမ် ကပ်လျက်အိမ်က အမျိုးသမီးက ခေါ်ထားတာလေ၊ သူ့အဖေလည်း တင်ထားပါတယ် အဲမိန်းမကို ထောင်ခုနှစ်နှစ်ချလိုက်တယ်၊ အဲဒီဖြစ်စဉ်ပြီးတဲ့နောက် အဲဒီနေအိမ်မှာ ကလေးကို မထားကြတော့ဘူး၊ သူတို့မှာ တခြားအိမ်ရှိသေးတယ်လေ၊ အဲဒီမှာပဲ ထားတယ် ” လို့ သူကပြောပါတယ်။
 
ကလေးငယ်ကို မိဘအုပ်ထိန်းသူတွေမသိဘဲ နေအိမ်ထဲ ခေါ်ယူဖွက်ထားခဲ့တဲ့ ချမ်းအေးသာစံမြို့နယ်မှာနေထိုင်တဲ့ ဒေါ်နီလာမြင့်မောင် (ခ) မမီးငယ်ကို တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၆၃ လူခိုးမှုနဲ့ ထောင်ခုနစ်နှစ် မနေ့က ချမှတ်လိုက်တာလို့ သိရပါတယ်။
 
ရာဇသတ်ကြီး ပုဒ်မ ၃၆၃ ဟာ လူတဦးတယောက်ကို အုပ်ထိန်းသူမသိဘဲ ခိုးယူမှုအတွက် ပြဌာန်းထားတဲ့ ပုဒ်မဖြစ်ပြီး အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်ဟာ အဲ့ဒီပုဒ်မအရ ချမှတ်နိုင်တဲ့ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တယ်လို့ အထက်တန်းရှေ့နေတဦးက ရှင်းပြပါတယ်။
 
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၁ ရက်က ချမ်းအေးသာစံမြို့နယ်အတွင်းက အဘိုး၊ အဘွားဖြစ်သူတွေရဲ့ နေအိမ်ရှေ့မှာ ဆော့ကစားနေတဲ့ အသက်ငါးနှစ်ကျော်အရွယ် မောင်ဇွဲဝေယံထွန်း ပျောက်ဆုံးသွားခဲ့တဲ့ ဖြစ်စဉ်ဟာ လူမှုကွန်ရက်ပေါ်မှာ လူသိများခဲ့ပါတယ်။
 
အဲ့ဒီနောက် ငါးရက်အကြာမှာ ပျောက်ဆုံးသွားတဲ့ မောင်ဇွဲဝေယံထွန်းကို အဘိုး၊ အဘွားတွေရဲ့ နေအိမ်အနီးက အိမ်တအိမ်မှာ နေထိုင်တဲ့ အမျိုးသမီးက ဖွက်ထားတာကို ကလေးငယ်ရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ဝင်ရောက်ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ 
ဓာတ်ပုံ – Social Media
ပုံစာ – ငါးရက်ကြာ ပျောက်ဆုံးခဲ့တဲ့ မောင်ဇွဲဝေယံထွန်း