ယူကရိန်းဆီ ပေးပို့ခဲ့တဲ့ တင့်ကားတွေကို အစားထိုးဖို့ Leopard 2 အသစ်တွေ ဂျာမနီ မှာယူ

မေ၊ ၂၇

ယူကရိန်းဆီ ပေးပို့ထားတဲ့ တင့်ကားတွေ နေရာမှာ အစားထိုးဖို့ Leopard 2 တင့်ကား ၁၈ စီးကို ဂျာမနီ စစ်တပ်က အဆောတလျင် မှာယူထားကြောင်း သိရပါတယ်။

ဂျာမနီရဲ့ ကာကွယ်ရေး နည်းပညာဆိုင်ရာ နာမည်ကြီး ကုမ္ပဏီ တခုဖြစ်တဲ့ Krauss-Maffei Wegmannက Leaopard 2A8 အမျိုးအစား တင့်ကား ၁၈ စီးအတွက် အမှာစာကို လက်ခံ ရရှိထားကြောင်း အတည်ပြုခဲ့ပါတယ်။ တင့်ကားတွေ ဝယ်ယူမယ့် စရိတ်စကကို ကုမ္ပဏီက ထုတ်မပြောပေမယ့် ဂျာမန် လွှတ်တော်ရဲ့ အသုံးစရိတ် ကော်မတီကတော့ အဲဒီအတွက် ယူရို ၅၂၅ သန်းကို ခွင့်ပြုပေးထားတာ တွေ့ရပါတယ်။ Leopard 2A8တွေဟာ Leopard 2 တင့်ကားတွေထဲမှာ နောက်ဆုံးထုတ် အဆင့်မြင့် ဗားရှင်းလည်း ဖြစ်ပါတယ်။ 

ဂျာမနီဟာ ယူကရိန်းကို တင့်ကားတွေ ထောက်ပံ့ပေးဖို့ သဘောတူခဲ့တဲ့နောက် စစ်တပ်မှာ လက်ရှိ အသုံးပြုနေတဲ့ထဲက Leopard 2တွေကို ထုတ်နုတ် လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အခု တင့်ကားအသစ် ၁၈ စီးကို ၂၀၂၅ ခုနှစ်မှာ စတင် ပေးပို့သွားမှာဖြစ်ပြီး လိုအပ်မယ်ဆိုရင် Leopard 2A8 မျိုးကွဲ တင့်ကား ၁၀၅ စီး ထပ်မံ မှာယူဖို့ပါ ကြိုတင် ညှိနှိုင်းထားတယ်လို့ ဆိုပါတယ်။

မတ်လမှာ ရရှိထားခဲ့တဲ့ သဘောတူညီမှု တခုအရ Krauss-Maffei Wegmann ကုမ္ပဏီဟာ ဂျာမနီ စစ်တပ်အတွက် ခေတ်မီ ဟောင်ဝစ်ဇာ စက်အမြောက် ယူနစ် ၁၂ ခုကိုလည်း ထုတ်လုပ်ပေးသွားမှာပါ။

အစောပိုင်းမှာ ဂျာမနီ ကာကွယ်ရေး ဝန်ကြီးဌာနက စစ်တပ်ရဲ့ Leopard 2A6 အမျိုးအစား ပင်မ တိုက်ခိုက်ရေးတင့်ကား ၁၄ စီးကို ယူကရိန်းဆီ ပေးပို့သွားမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီ တင့်ကားတွေဟာ အခုအခါ ယူကရိန်းဆီ ရောက်နေပြီလို့ ယုံကြည်ရပါတယ်။ ဂျာမနီအပြင် တခြား ဥရောပ နိုင်ငံတချို့ကလည်း လက်ဝယ်ရှိနေတဲ့ Leopard 2 တင့်ကားတွေကို ယူကရိန်းဆီ ပို့ဆောင်ပြီး တိုက်ခိုက်ရေး တင့်ကားတပ်မနှစ်ခု ဖွဲ့စည်းနိုင်ရေး ကူညီသွားမှာ ဖြစ်ပါတယ်။ Leopard 2တွေဟာ လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံး စာရင်းဝင် တင့်ကားတွေအဖြစ် သတ်မှတ် ခံထားရပါတယ်။

တချိန်တည်းမှာပဲ ဂျာမနီ၊ ဒိန်းမတ်နဲ့ နယ်သာလန်တို့ဟာ နည်းပညာအရ ပိုအဆင့်နိမ့်ပြီး နှစ်ပေါင်း ၂၀ လောက် အသုံးမပြုဘဲ သိမ်းဆည်းထားတဲ့ Leopard 1 တင့်ကားတွေကိုလည်း အဆင့်မြှင့် မွမ်းမံမှုတွေ ပြုလုပ်ပြီး ယူကရိန်းဆီ ထောက်ပံ့ပေးဖို့ ကတိပြုထားကြပါတယ်။

 

Ref: CNA