
မေ၊ ၂၄
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် စစ်ကောင်စီတပ်ခလရ (၂၂၈)တပ်ရင်းက ကလေးမြို့နယ်တောင်ပိုင်းကို ဒီကနေ့ မေ ၂၄ ရက်မနက်ကိုးနာရီခန့်မှာ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဆယ်ကျော်သက်အရွယ်မိန်းကလေးနှစ်ဦး အပါအဝင်သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” လက်နက်ကျည်က အပေါ်မှာ ပေါက်ကွဲခဲ့တာ။ စက်ရုံနားမှာ ကလေးတွေကလည်း ဆော့နေကြတာ။ မိန်းကလေးနှစ်ယောက်နဲ့ အမျိုးသားတယောက်မှန်တယ်။ အိမ်တွေကိုလည်း ကျည်စတွေစင်တယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒဏ်ရာရရှိသူသုံးဦးကို ကျေးရွာမှာပဲ ဆေးကုသမှုပေးနေပြီး မစိုးရိမ်ရဘူးလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
ဆယ်ကျော်သက်အရွယ်မိန်းကလေးငယ်နှစ်ဦးကတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလပညာရေးမှာ ပညာသင်ကြားနေပေမယ့် ဘယ်အတန်းလဲဆိုတာ မသိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ထောက်ကြန့်ရွာ အမှတ် ၄ ရပ်ကွက်မှာ အဓိကကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အဆိုပါရပ်ကွက်ထဲကနေ အိမ်တော်တော်များများ ကျည်စတွေထိမှန်တဲ့အပြင် အပေါ်မှာပေါက်ကွဲခဲ့တဲ့အတွက် ကျည်စတွေဟာ အခြားရပ်ကွက်က နေအိမ်အချို့ကိုပါ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
” တိုက်ပွဲဖြစ်တာမျိုးလည်း မရှိဘူး။ သက်သက်ကြီးကို ထုတာ။ မှန်တဲ့မိန်းကလေးနှစ်ယောက်က ငယ်သေးတယ်။ အမျိုးသားကတော့ ကြီးပါပြီ ” လို့ နောက်ဒေသခံတဦးက ပြောပါတယ်။
ထောက်ကြန့်ကျေးရွာဟာ ကလေးမြို့တောင်ဘက် ဂန့်ဂေါ – ကလေးလမ်းမကြီးဘေးမှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပြီး ကလေးမြို့ကနေ ခြောက်မိုင်ဝန်းကျင်မှာ တည်ရှိတဲ့ ကျေးရွာကြီးတရွာဖြစ်ပါတယ်။
အိမ်ခြေတထောင်ကျော်ရှိပြီး လူဦးရေ ၅၀၀၀ ဝန်းကျင်ရှိတဲ့ ကျေးရွာကြီးတရွာဖြစ်ကာ ဆန်စပါးအဓိကစိုက်ပျိုးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – CJ
